ဖမ်းခံထားရသူတွေ ပြန်လွတ်ရေး မြောက်ဦးမှာ ထောင်ချီ ဆန္ဒပြ

  • 21 ဧပြီ 2017
Image caption မတရားသင်းနဲ့ ဆက်သွယ်မှု ၁၇ (၁) နဲ့ တရားစွဲ ထား။

ရခိုင်လက်နက်ကိုင်တပ် ဖြစ်တဲ့ ရက္ခိုင့်တပ်မတော် AA ဖလား ဘောလုံးပွဲ ပြုလုပ်ခဲ့တဲ့ အတွက် ဖမ်းခံ ထားရသူတွေကို ပြန်လွှတ်ပေးဖို့ မြောက်ဦးမြို့မှာ ဧပြီလ ၂၁ ရက်နေ့က လူ ၂ ထောင်ကျော် ချီတက် တောင်းဆို ခဲ့ကြပါတယ်။

ဗုဒ္ဓဘာသာ ဘုန်းတော်ကြီး တစ်ပါးဖြစ်တဲ့ မြတန်ဆောင်း ဆရာတော်နဲ့ လူပုဂ္ဂိုလ် ဦးခိုင်နီမင်းတို့ကို ဧပြီလ အစောပိုင်းတုန်းက ဖမ်းဆီးပြီး မတရားသင်းနဲ့ ဆက်သွယ်မှု ၁၇ (၁) နဲ့ ပုဒ်မတပ် တရားစွဲ ထားတာ ဖြစ်ပါတယ်။

ဒီ ဆန္ဒပြပွဲဟာ AA တပ်ကို ထောက်ခံကြောင်း ပြသတာ မဟုတ်ပဲ၊ ဖမ်းဆီး ထားသူတွေကို ပြန်လွှတ် ပေးစေလိုတဲ့ ဒေသခံတွေရဲ့ ဆန္ဒ သဘောထားတွေကို ထုတ်ဖော်တာ ဖြစ်တယ်လို့ ဦးဆောင် ဆော်ဩသူ တစ်ယောက်က ဘီဘီစီကို ပြောပါတယ်။

မြောက်ဦးက သူတွေ သာမက တခြား မြို့နယ်က လူတွေပါ ပူးပေါင်းခဲ့တဲ့ အတွက် လူ ၂ ထောင်ကျော် ပါဝင်ခဲ့တဲ့ အဲဒီ ဆန္ဒပြပွဲဟာ မြောက်ဦးမြို့မှာ အကြီးမားဆုံး ဆန္ဒပြ တောင်းဆိုမှု ဖြစ်တယ်လို့ ဘီဘီစီ သတင်းထောက်က ပြောပါတယ်။

ရက္ခိုင့်တပ်မတော် AA ကို ကချင် လက်နက်ကိုင် KIO နယ်မြေထဲမှာ စတင် တည်ထောင်ခဲ့တဲ့ ၈ နှစ်မြောက် အထိမ်းအမှတ် အနေနဲ့ မြောက်ဦးမှာ AA ဖလားဆိုပြီး ဘောလုံးပွဲ ကျင်းပခဲ့တာ ကနေ နောက်ဆက်တွဲ ဖြစ်ရပ်တွေ ပေါ်ပေါက်လာတာ ဖြစ်ပါတယ်။