သံမဏိနှင်းဆီ ထုတ်ဝေသူ အသတ်ခံရမှုမှာ နောက်တစ်ဦးကို ဖမ်းဆီး စစ်ဆေး

  • 22 ဧပြီ 2017
ဓာတ်ပုံ မူပိုင် Yangon Police
Image caption ဧပြီ ၂၂ စနေနေ့က ရေငုပ်သမားတွေဟာ ဖုန်းကို ရှာတွေ့ခဲ့

သံမဏိနှင်းဆီဂျာနယ် ထုတ်ဝေသူ ကိုဝေယံဟိန်း အသတ်ခံရမှုမှာ နောက်ထပ် သံသယရှိသူတစ်ဦးကို ဖမ်းဆီးစစ်ဆေးနေကြောင်း ရန်ကုန်ရဲတပ်ဖွဲ့က ပြောပါတယ်။

ပြစ်မှုကျူးလွန်သူအဖြစ် ရဲက ဖမ်းဆီးထားတဲ့ အောင်ကိုကိုရဲ့ ထွက်ဆိုချက်အရ ပြစ်မှုကျူးလွန်မှုမှာ သူ့ရဲ့သူငယ်ချင်းဖြစ်သူ ပြည့်သူနိုင်(ခေါ်)ဘုရားပွဲ(ခေါ်)ဖြိုးသော်လည်း အတူပါဝင်တယ်လို့ ဆိုတာကြောင့် ပြည့်သူနိုင်ဆိုသူကို ဧပြီလ၂၂ရက်နေ့မှာ ဖမ်းဆီး စစ်ဆေးနေတယ်လို့ ရန်ကုန်ရဲတပ်ဖွဲ့ရဲ့ ဖေ့စ်ဘုတ် စာမျက်နှာမှာ ဖော်ပြပါတယ်။

ကိုဝေယံဟိန်းဟာ ပုဇွန်တောင်မြို့နယ်ထဲက သူ့ရဲ့ ဂျာနယ်တိုက်မှာ အသတ်ခံရတာ ဖြစ်ပြီး ဧပြီလ ၁၆ ရက်နေ့ သင်္ကြန် အတက်နေ့ မနက်က ဝမ်းဗိုက်မှာ ဒဏ်ရာတွေနဲ့ သေဆုံးနေတာကို တွေ့ခဲ့ရတာ ဖြစ်ပါတယ်။

အမှုနဲ့ပတ်သက်ပြီး သေဆုံးသူအသုံးပြုခဲ့တဲ့ လက်ပ်တော့ ကွန်ပျူတာ နဲ့ အိုင်ဖုန်းတို့ကို အောင်ကိုကိုက ပြင်ဦးလွင်မြို့၊ မြို့ပတ်လမ်းက ကန်တော်လေးကန်မှာ စွန့်ပစ်ခဲ့တယ်လို့ ထွက်ဆိုတာကြောင့် ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ဝင်တွေက အောင်ကိုကိုကို ခေါ်ဆောင်ပြီး ပြင်ဦးလွင်မြို့သို့ သွားရောက်ခဲ့တယ်လို့ ရဲတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။

ရေငုပ်သမားတွေရဲ့ အကူအညီနဲ့ ကန်တော်လေးကန်ထဲကို ရှာဖွေခဲ့ရာမှာ လက်ပ်တော့ကို ဧပြီ ၂၁ ရက်နေ့နဲ့ အိုင်ဖုန်းကို ဧပြီ ၂၂ ရက်က ဆယ်ယူ ရရှိခဲ့တယ်လို့ ဖော်ပြပါတယ်။

အမှုနဲ့ပတ်သက်ပြီး အခင်းဖြစ်တဲ့နေရာမှာ တွေ့ရတဲ့ ဆံပင်ကိုလည်း မသင်္ကာသူနှစ်ဦးရဲ့ ဆံပင်တွေနဲ့ တိုက်ဆိုင်စစ်ဆေးဖို့ ဆောင်ရွက်နေတယ်လို့ ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ