အယုံလွယ်လို့ ဒေါ်လာ ၉ သောင်း အလိမ်ခံရ

  • 22 ဧပြီ 2017
ဓာတ်ပုံ မူပိုင် Yangon Police
Image caption လိမ်လည်သူအဖြစ် အဖမ်းခံထားရသူ နှစ်ဦး

အယုံလွယ်မှုကြောင့် ဒေါ်လာ ၉ သောင်း အလိမ်ခံရတာဖြစ်တယ်လို့ အလိမ်ခံရပြီးမှ ကံကောင်းထောက်မစွာ ငွေပြန်ရလိုက်တဲ့ ငွေလဲကောင်တာ ပိုင်ရှင်တစ်ဦးက ပြောပါတယ်။

ကြာသပတေးနေ့ ညနေ ၄ နာရီလောက်က ကျောက်တံတားမြို့နယ်မှာရှိတဲ့ Pacific Money Changer မှာ ဂျော်ဂျီယာနိုင်ငံသား ၂ ဦးက အမေရိကန်ဒေါ်လာ ၉ သောင်း ဝယ်ယူခဲ့ပြီး ငွေချေဖို့ မြန်မာငွေ ပြန်သွားယူမယ်ပြောကာ အဲဒီဝယ်ထားတဲ့ငွေကို သူတို့မှာ ပါလာတဲ့ အတက်ချီကေ့စ် လက်ကိုင်သေတ္တာထဲမှာ ထားခဲ့သယောင် ပြုလုပ်ပြီး ပြန်ပေါ်မလာတော့တာ ဖြစ်ပါတယ်။

ငွေလာလဲတဲ့ နိုင်ငံခြားသားတွေက အယုံလွယ်အောင် ပြုမူပြောဆိုကြတဲ့အတွက် အယုံလွယ်သွားခဲ့တယ်၊ ဒါကြောင့် အယုံမလွယ်ဖို့ အရေးကြီးတယ်လို့ Pacific ငွေလဲကောင်တာ ဆိုင်ပိုင်ရှင် ဦးဇော်ဝင်းက ဘီဘီစီကို ပြောပါတယ်။

ငွေလာလဲတဲ့ နိုင်ငံခြားသား ၂ ဦးက လက်ကိုင်သေတ္တာကို ပြန်လည် လာယူတာ မရှိလို့ ဆိုင်က ဖွင့်ကြည့်ရာမှာတော့ တစ်ဒေါ်လာတန်တွေရဲ့ အပေါ်နဲ့အောက်ဆုံးမှာ ဒေါ်လာ ၁၀၀တန်တွေ ကပ်ပြီး စည်းထားတာကို တွေ့ရလို့ လိမ်လည်ခံရတာ သိတဲ့အချိန်မှာ ရဲကို တိုင်တန်းခဲ့ကြောင်း ဆိုင်ပိုင်ရှင် ဦးဇော်ဝင်းက ပြောပါတယ်။

လိမ်လည်သူနှစ်ဦးကို ညနက်ပိုင်းမှာ ရန်ကုန်လေဆိပ်မှာ ဖမ်းဆီးရမိခဲ့ပါတယ်။ သူတို့ရဲ့ အတွင်းခံဘောင်းဘီတွေထဲမှာ တစ်ယောက်က ဒေါ်လာ ၆ သောင်းနဲ့ တစ်ယောက်က ဒေါ်လာ ၄ သောင်း ဖွက်ထားတာကို ရှာဖွေ တွေ့ရှိခဲ့ပါတယ်။

လိမ်လည်သူ ၂ ဦးကို ပုဒ်မ ၄၂၀ လိမ်လည်မှုနဲ့ အမှုဖွင့်ထားပြီး မေလ ၄ ရက်နေ့မှာ ရုံးတင်စစ်ဆေးမယ်လို့ ဦးဇော်ဝင်းက ပြောပါတယ်။