ကျောက်ဖြူ အထူးစီးပွားရေးဇုန် အကောင်အထည်ဖေါ်ရေး ဆွေးနွေး

  • 22 ဧပြီ 2017
ဓာတ်ပုံ မူပိုင် MOFA
Image caption ကျောက်ဖြူ အထူးစီးပွားရေးဇုန် အကောင်အထည်ဖေါ်ဖို့ CITIC ကုမ္ပဏီနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ ဆွေးနွေး

ကျောက်ဖြူ အထူးစီးပွားရေးဇုန် အကောင်အထည်ဖေါ်ရေးနဲ့ ပတ်သက်လို့ China International Trust and Investment Company (CITIC) ကုမ္ပဏီ ဥက္ကဋ္ဌ မစ္စတာ Chang Zhenming ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့နဲ့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ ဧပြီလ ၂၁ရက်နေ့က တွေ့ဆုံ ဆွေးနွေး ခဲ့ကြပါတယ်။

ဒီလို ဆွေးနွေးရာမှာ ကျောက်ဖြူ ရေနက်ဆိပ်ကမ်း စီမံကိန်း အပါအဝင် စွမ်းအင်ကဏ္ဍ၊ လမ်းပန်းဆက်သွယ်ရေး ကိစ္စရပ်တွေကိုပါ ထည့်သွင်း ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။

ကျောက်ဖြူ အထူးစီးပွားရေးဇုန်အတွက် ရင်းနှီးမြှုပ်နှံဖို့ CITIC ကုမ္ပဏီနဲ့ အရင်သမ္မတ ဦးသိန်းစိန် အစိုးရ သဘောတူ စာချုပ် ချုပ်ဆိုခဲ့တာ ဖြစ်ပြီး ရေနက်ဆိပ်ကမ်းနဲ့ စက်မှုဇုန် စီမံကိန်း နှစ်ခုကို အခု အစိုးရ လက်ထက်မှာ ဆက်လက် အကောင်အထည်ဖေါ်သွားမှာ ဖြစ်ပါတယ်။

ဒီစီမံကိန်းတွေကြောင့် ရခိုင်ဒေသမှာ အလုပ်အကိုင် အခွင့်အလမ်းတွေ ရရှိလာမှာ ဖြစ်ကြောင်း၊ ဒီစီမံကိန်းက ရေရှည် ရင်းနှီးမြှုပ်နှံမှု ဖြစ်ပြီး စက်မှုဇုန်မှာ နိုင်ငံပေါင်းစုံက လာပြီး ရင်းနှီးမြှုပ်နှံမှုတွေ ရှိလာနိုင်ကြောင်းနဲ့ ဆိပ်ကမ်းကနေတဆင့် တရုတ်နိုင်ငံ ယူနန်ကနေ အနောက်ဘက် ထွက်ပေါက်အနေနဲ့ ကုန်စည် စီးဆင်းမှု အဝင်အထွက် ရနိုင်ဖို့ မျှော်မှန်းထားကြောင်း စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေး ဝန်ကြီး ဒေါက်တာ သန်းမြင့်က ဘီဘီစီကို ပြောပါတယ်။

ကျောက်ဖြူ ရေနက်ဆိပ်ကမ်း စီမံကိန်းနဲ့ ပတ်သက်လို့ ကုန်ကျစရိတ်ကို ပြန်လည်တွက်ချက်မှာ ဖြစ်တယ်လို့ ဆိုပါတယ်။

သဘာဝပတ်ဝန်းကျင်နဲ့ လူမှုရေး လေ့လာဆန်းစစ်မှုတွေ လုပ်ဖို့ သဘောတူထားပြီး ဖြစ်ကြောင်း၊ အစိုးရနဲ့ ရခိုင်ဒေသခံတွေ၊ အဖွဲ့အစည်းတွေ၊ ပြည်တွင်းပြည်ပ လုပ်ငန်းရှင်တွေ ညှိနှိုင်း ဆွေးနွေးပြီး အကုန်အကျ လေ့လာဆန်းစစ်မှုတွေ တနှစ်လောက် အချိန်ယူ လုပ်ဖို့ ရှိကြောင်းနဲ့ ဒါပြီးရင်တော့ တည်ဆောက်ရေး လုပ်ငန်းတွေ စနိုင်မှာ ဖြစ်ကြောင်း စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေး ဝန်ကြီး ဒေါက်တာ သန်းမြင့်က ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ