ရှမ်းပြည်နယ်ရဲ့ ဒေသအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ ဒီနေ့စမယ်

  • 23 ဧပြီ 2017
Image caption ပင်လုံ ညီလာခံအမှီ ကျင်းပရတာဖြစ်

ရှမ်းပြည်နယ်မှာ ဒီကနေ့ (ဧပြီလ ၂၃ ရက်နေ့) က စလို့ ဒေသအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ ကျင်းပမယ် ဆိုပြီး ရှမ်းပြည်နယ် အစိုးရနဲ့ ငြိမ်းချမ်းရေး ကော်မရှင်တို့ စီစဉ် ထားပါတယ်။

ရှမ်းပြည်နယ်လို နယ်ပယ် ကျယ်ဝန်းပြီး လက်နက်ကိုင် အင်အားစုတွေ၊ နိုင်ငံရေး အင်အားစု တွေ အမျိုးမျိုး ရှိနေတဲ့ နေရာမှာ အာဏာပိုင်တွေ ဘက်က အခုလို အစောတလျင် မလုပ်သင့်ဘူးလို့ အနီးကပ် ရက်ပိုင်း အလိုမှ ဖိတ်ကြား ခံခဲ့ရတဲ့ အဓိက ရှမ်း ပါတီကြီး တစ်ခုဖြစ်တဲ့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် SNLD ပါတီက ပြောပါတယ်။

ရှမ်းပြည်နယ်မှာ အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲကို ဒေသအလိုက် ဆိုတဲ့ ခေါင်းစဉ် အောက်မှာ အရင် ကျင်းပ လာတဲ့ အပေါ် လူမျိုးကို အခြေခံတဲ့ ဆွေးနွေးပွဲ အရင် ကျင်းပ သင့်တယ်ဆိုတဲ့ ဝေဖန်သံတွေလည်း ရှိနေပါတယ်။

လာမယ့် မေလထဲမှာ ၂၁ ရာစု ပင်လုံ ညီလာခံ ဒုတိယ အကြိမ် ကျင်းပဖို့ ရှိနေတာကြောင့် အဲဒီ ညီလာခံ အမှီ အချိန် တိုတို အတွင်းမှာ ရှမ်းပြည်နယ် မှာလည်း နိုင်ငံရေး ဆွေးနွေးပွဲ ပြုလုပ်ရတာ ဖြစ်တယ်လို့ ရှမ်းပြည်နယ် အစိုးရ ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်က ဘီဘီစီကို ပြောပါတယ်။

ရှမ်းပြည်နယ်ထဲမှာ အစိုးရ စစ်တိုင်း ၄ တိုင်း အခြေစိုက်ထားပြီး၊ လူမျိုးစု လက်နက်ကိုင် အဖွဲ့တွေလည်း အများအပြား ရှိနေသလို နိုင်ငံရေး ပါတီပေါင်း ၂ဝကျော်လည်း ရှိနေပါတယ်။