ပန်ခမ်း အစည်းအဝေးကြေညာချက်နဲ့ ငြိမ်းချမ်းရေး လမ်းကြောင်းသစ်

  • 23 ဧပြီ 2017
Image caption ပန်ခမ်း ဌာနချုပ်က ဝစစ်သားတွေ

ပန်ခမ်း အစည်းအဝေးကို ဧပြီလ ၁၅ ရက်ကနေ ဧပြီလ ၁၉ ရက်နေ့ အထိ ဝဒေသ ပန်ခမ်းမြို့မှာ ကျင်းပ ပြုလုပ်ခဲ့ပါတယ်။

အဲဒီ ပန်ခမ်း အစည်းအဝေးကနေ ပြည်ထောင်စု နိုင်ငံရေး ဆွေးနွေး ညှိနှိုင်းရေး ကော်မတီကို ဖွဲ့စည်း လိုက်ပါတယ်။

ပြည်ထောင်စု နိုင်ငံရေး ဆွေးနွေး ညှိနှိုင်းရေး ကော်မတီကို အခုညီလာခံ တက်ရောက်တဲ့ တိုင်းရင်းသား လက်နက်ကိုင် ၇ ဖွဲ့ကနေ ရွေးချယ်တင်မြှောက် ဖွဲ့စည်းခဲ့တာဖြစ်ပြီး နောက်နောင်မှာ အစိုးရနဲ့ကြား ငြိမ်းချမ်းရေးနဲ့ အပစ်အခတ်ရပ်စဲရေး အတွက် ဆွေးနွေးတဲ့အခါ အဲဒီကော်မတီကသာ ဆွေးနွေးမှာ ဖြစ်တယ်လို့ ဆိုပါတယ်။ လက်နက်ကိုင် အဖွဲ့ တဖွဲ့ချင်း အနေနဲ့ ဆွေးနွေးမှာ မဟုတ်တော့ဘူးလို့ ပြောပါတယ်။

ပန်ခမ်းညီလာခံတက်ရောက်တဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေကတော့ ဝပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) ၊ ရခိုင့်တပ်မတော် (AA) ၊ ကချင်လွတ်လပ်ရေး တပ်မတော် (KIA) ၊ မြန်မာ အမျိုးသား ဒီမိုကရေစိ မဟာမိတ် တပ်ဖွဲ့ (ကိုးကန့်) (MNDAA) ၊ တအာင်း အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) ၊ ရှမ်းပြည်တပ်မတော် မြောက်ပိုင်း (SSPP/SSA) ၊ ရှမ်းပြည် အရှေ့ပိုင်း အမျိုးသား ဒီမိုကရေစီ မဟာမိတ်တပ်ဖွဲ့ (မိုင်းလား)(NDAA) တို့ ဖြစ်ကြပါတယ်။

ဒီအဖွဲ့တွေဟာ တဖွဲ့ချင်း မဆွေးနွေးကြတော့ဘဲ ကော်မတီကသာ ဦးဆောင်ဆွေးနွေးမယ်ဆိုတဲ့ အတွက် တိုင်းရင်းသား အရေးနဲ့ ပတ်သက်ရင် ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) လို စုပေါင်း မဟာမိတ် အဖွဲ့ အစည်းတခု ထပ်မံ ပေါ်ပေါက်လာတဲ့ သဘောမျိုး ဖြစ်နေပါတယ်။ ထူးခြားတာကတော့ UNFC မှာ ဥက္ကဋ္ဌ တာဝန်ယူထားတဲ့ KIA ဟာ အခု အဖွဲ့မှာလည်း ထပ်မံ ပါဝင်နေတဲ့ အချက်ဖြစ်ပါတယ်။ SSPP/SSA ဟာလည်း UNFC အဖွဲ့ဝင် ဖြစ်ပါတယ်။

UNFC ဟာ NCA လမ်းကြောင်း အတိုင်း ဆက်လက်သွားမယ်လို့ ကြေညာပြောဆို ထားပါတယ်။ အဲသလို ကြေညာပြောဆိုတဲ့ နောက်ဆုံး အစည်းအဝေးမှာ KIA နဲ့ SSPP/SSA တို့လည်း တက်ရောက်ခဲ့ပါတယ်။ အခု ပန်ခမ်းအုပ်စုကတော့ NCA လမ်းကြောင်းကို လက်မခံနိုင်ဘူးလို့ ပြတ်ပြတ်သားသား ပြောဆိုထားကြပြီး လမ်းကြောင်းသစ်နဲ့ ဆွေးနွေးညှိနှိုင်းမယ်လို့ ဆိုပါတယ်။ ဒီအစည်းအဝေးမှာလည်း KIA နဲ့ SSPP/SSA တို့ပါဝင်တဲ့ အတွက် သူတို့ရဲ့ သဘောထားက မရှင်းလင်းပဲ ဖြစ်နေပါတယ်။ KIA ကိုဘီဘီစီက ဆက်သွယ်မေးမြန်းရာမှာတော့ သူတို့ သဘော ထားကို လောလောဆယ် ထုတ်ဖော်ပြောကြားဖို့ မရှိသေးဘူးလို့ ဆိုပါတယ်။

ပန်ခမ်းအစည်းအဝေးမှာ ပါဝင်ကြတဲ့ အဖွဲ့အစည်းတွေထဲမှာ မြောက်ပိုင်း မဟာမိတ် လေးဖွဲ့ဖြစ်ကြတဲ့ ကေအိုင်အေ၊ တအာင်း၊ အေအေ၊ ကိုးကန့် အဖွဲ့တို့နဲ့ ရှမ်းပြည်တပ်မတော် မြောက်ပိုင်းတို့ဟာ အစိုးရနဲ့ စစ်ဖြစ်နေကြတဲ့ အဖွဲ့ ၅ ဖွဲ့ဖြစ်ကြပါတယ်။ ဝပြည်သွေးစည်းညီညွတ်ရေးပါတီ (ဝသပ) ကတော့ အင်အား ၃ သောင်းခွဲရှိတယ်လို့ လေ့လာသူတွေက ဆိုကြပြီး တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့တွေထဲမှာ အင်အားအကြီးဆုံး ဖြစ်ပါတယ်။ ကေအိုင်အေက ဒုတိယ အင်အားအကြီးဆုံးဖြစ်ပြီး အင်အား ၁ သောင်း ၂ ထောင် ရှိတယ်လို့ လေ့လာသူတွေက ဆိုကြပါတယ်။ ရှမ်းပြည်တပ်မတော် မြောက်ပိုင်းက အင်အား ၈၅၀၀၊ တအာင်းအဖွဲ့က အင်အား ၆၅၀၀ ရှိပါတယ်။ ဒါ့ကြောင့် ပန်ခမ်း မဟာမိတ် အဖွဲ့တွေဟာ အင်အား အကြီးဆုံး လက်နက်ကိုင် အဖွဲ့တွေဖြစ်ပြီး စစ်ပွဲ ဖြစ်ပွားနေသူတွေ ပါဝင်တဲ့ အဖွဲ့လည်း ဖြစ်ပါတယ်။

ဒါ့အပြင် ရခိုင့်တပ်မတော် အေအေကလွဲပြီး ကျန်အဖွဲ့အစည်း အားလုံးဟာ မြန်မာ နိုင်ငံမြောက်ပိုင်းမှာ ရှိတဲ့ အဖွဲ့အစည်းတွေ ဖြစ်ကြပါတယ်။

တောင်ပိုင်းအဖွဲ့အစည်းတွေကတော့ ကရင်အမျိုးသား အစည်းအရုံး (KNU) နဲ့ ဒီမိုကရေစီ ကရင် အကျိုးပြုတပ်မတော် (DKBA-5) ကလွဲပြီး ကျန်အဖွဲ့အစည်းတွေဟာ အင်အား တထောင်အောက်သာ ရှိကြပါတယ်။ လောလောဆယ်မှာလည်း အစိုးရစစ်တပ်နဲ့ တိုက်ပွဲ မဖြစ်ကြပါဘူး။

ဒါ့ကြောင့် ပန်ခမ်းညီလာခံ ကြေညာချက် ထွက်ပေါ်လာပြီးနောက်မှာ တိုင်းရင်းသား လက်နက်ကိုင် အရေးနဲ့ အပစ်အခတ်ရပ်စဲရေးမှာ တောင်ပိုင်းမြောက်ပိုင်း သိသိသာသာ ကွဲပြားလာတာကိုတွေ့ရပါတယ်။

နိုင်ငံတော် အတိုင်ပင်ခံရုံးရဲ့ ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးကတော့ ပန်ခမ်းအဖွဲ့ဟာ သူတို့ရဲ့ ဘုံစာတမ်းကို အစိုးရဆီ တရားဝင် မပေးပို့ရသေးတဲ့ အတွက် သူတို့ သဘောထားကို ရှင်းရှင်းလင်းလင်း မသိရသေးဘူးလို့ ဆိုပါတယ်။ ဒါ့အပြင် ကေအိုင်အေနဲ့ ရှမ်းပြည်တပ်မတော်မြောက်ပိုင်းတို့ရဲ့ သဘောထားကိုလည်း ရှင်းရှင်းလင်းလင်း မသိရသေးဘူးလို့ ဆိုပါတယ်။ ဒါပေမယ့် ၂၁ ရာစုပင်လုံညီလာခံကို တက်ရောက်ဖို့ဆိုရင်တော့ NCA လက်မှတ်ထိုးဖို့ လိုအပ်မှာ ဖြစ်ကြောင်း ထပ်လောင်းပြောကြားပါတယ်။

တိုင်းရင်းသားလက်နက်ကိုင်တွေရဲ့ အစိုးရနဲ့ ဆွေးနွေးမယ့် ဘုံစာတမ်းဟာ ပြီးခဲ့တဲ့ ၂၁ ရာစုပင်လုံညီလာခံမှာ ဝအဖွဲ့က တင်သွင်းခဲ့တဲ့ အချက် ၉ ချက်ပါတဲ့ စာမျက်နှာ ၃၀ ပါစာတမ်းကို ပြန်လည်မွမ်းမံ အတည်ပြုထားတာသာ ဖြစ်တယ်လို့ တအာင်းအဖွဲ့ရဲ့ အထွေထွေ အတွင်းရေးမှူး တာ့ဘုန်းကျော်က ဘီဘီစီကို ပြောပါတယ်။

အဲဒီစာတမ်းက ၂၀၀၈ အခြေခံဥပဒေကို လက်မခံကြောင်း ထုတ်ဖော်ပြောဆို ထားပါတယ်။ လွှတ်တော်ထဲမှာ တပ်မတော်သား ၂၅ ရာနှုန်းဟာ အများပြည်သူ ရွေးကောက်တင်မြှောက်တာမဟုတ်ဘဲ ဝင်ရောက်နေရာယူနေမယ့် အစား အဲဒီ ၂၅ ရာနှုန်းကို လူနည်းစု တိုင်းရင်းသားတွေကို ပေးသင့်တယ်လို့လည်း အဲဒီစာတမ်းက ဖော်ပြထားပါတယ်။

ဧပြီလ ၁၉ ရက်နေ့မှာ ထုတ်ပြန်တဲ့ ပန်ခမ်းကြေညာချက်မှာ ပန်ခမ်းကို ဝပြည်နယ် အစိုးရဌာနချုပ်လို့ သုံးနှုန်းဖော်ပြထားတာဟာလည်း ထူးခြားချက် တခုဖြစ်ပါတယ်။