အရပ်သားတဦးကို NLD အမတ် ပါးရိုက်ခဲ့မှု ပါတီတွင်း စုံစမ်းစစ်ဆေး

  • 23 ဧပြီ 2017
ဓာတ်ပုံ မူပိုင် EPA
Image caption အရင်ကလည်း ပါတီစည်းကမ်းဖောက်ဖျက်တဲ့ လွှတ်တော် ကိုယ်စားလှယ်တွေကို အရေးယူတာတွေ ရှိခဲ့

တနင်္သာရီတိုင်း အတွင်းမှာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီက လွှတ်တော် ကိုယ်စားလှယ်ကို အရပ်သားတစ်ဦး အပေါ် ကိုယ်ထိလက်ရောက် ကျူးလွန်ခဲ့မှုနဲ့ NLD ပါတီကနေ စုံစမ်းစစ်ဆေးမှုတွေ စလုပ်နေပါတယ်။

တနင်္သာရီတိုင်း ဒေသကြီး လွှတ်တော်အမတ် ဦးရဲမြင့်ဆွေဟာ တနင်္သာရီ ပဝကျေးရွာက မူလတန်းစာသင်ကျောင်း ဆောက်လုပ်တာနဲ့ ပတ်သက်လို့ ဒေသခံရွာသားရဲ့ တိုင်ကြားချက်ကို သွားရောက်စစ်ဆေးစဉ် ဒေသခံ ရွာသားနဲ့ စကားများကြရာကနေ ရွာသားကို ကိုယ်ထိလက်ရောက် ရိုက်နှက်ခဲ့တာလို့ သိရပါတယ်။

ဒီအတွက် တနင်္သာရီတိုင်း ဒေသကြီး NLD အလုပ်အမှုဆောင်အဖွဲ့ကနေ စစ်ဆေးမှုတွေ လုပ်နေပြီး ဧပြီလ ၂၄ရက်နေ့မှာတော့ လွှတ်တော်အမတ်နဲ့ ရိုက်နှက်ခံရတဲ့ ကျေးရွာသားတို့ နှစ်ဖက်စလုံးက ရှင်းလင်းပွဲ လုပ်မယ်လို့ NLD ပါတီရဲ့ တနင်္သာရီတိုင်း အလုပ်အမှုဆောင်အဖွဲ့က ဒေါ်မြရတနာထက်က ပြောပါတယ်။

ဆိုရှယ်မီဒီယာပေါ် ပျံ့နှံ့နေတဲ့ ဗွီဒီယို ဖိုင်မှာတော့ လွှတ်တော်အမတ် ဦးရဲမြင့်ဆွေနဲ့ ဒေသခံရွာသား အချေအတင် ပြောဆိုနေပြီး အဲ့ဒီရွာသားကို ပါးရိုက်တဲ့ အထိ ဖြစ်သွားတာကို တွေ့ရပါတယ်။

ဗီဒီယိုမှာတော့ ပြောဆိုသံတွေက မကြည်လင်ဘူး ဆိုပေမယ့် အရိုက်ခံရတဲ့ ရွာသားဟာ ရိုင်းရိုင်းစိုင်းစိုင်း ပြောဆိုတဲ့အတွက် ခုလို ဖြစ်ရတာလို့ ပြောနေတာတွေလည်း ရှိပါတယ်။

NLD ပါတီ ဗဟိုအနေနဲ့ အချက်အလက် အသေးစိတ် စုံစမ်း စစ်ဆေးတာတွေ လုပ်ပြီးမှ ဖြစ်စဉ်ကို ဆုံးဖြတ်နိုင်မယ်လို့ ပါတီ ဗဟို စည်းကမ်း ထိန်းသိမ်းရေး အဖွဲ့ဝင် ဦးကျော်ဟိုးက ဘီဘီစီကို ပြောပါတယ်။

အာဏာရ NLD ပါတီမှာ ပါတီဝင် လွှတ်တော်အမတ်တွေနဲ့ ပတ်သက်လို့ တိုင်ကြားမှုတွေဟာ အရင်ကထက် ပိုများလာနေပြီး လောလောဆယ်မှာ တိုင်ကြားမှုပေါင်း ၁၀၀ ကျော်လောက် ရှိပြီး အဲ့ဒီထဲက စစ်ဆေးဆဲနဲ့ စစ်ဆေးပြီးသား အမှုက ၇၀ ကျော်လောက်ရှိပါတယ်။

အခု လွှတ်တော် အမတ် ကိစ္စမှာတော့ အရိုက်ခံရတဲ့ ရွာသားဘက်က NLD ပါတီကို လာရောက် တိုင်ကြားတာ မရှိသေးပေမယ့် တကယ်လို့ ရွာသားဘက်က တိုင်ကြားလာရင်တော့ အဖွဲ့ဖွဲ့ စစ်ဆေးတာမျိုးတွေ လုပ်ဖို့ ရှိတယ်လို့ ပါတီ စည်းကမ်း ထိန်းသိမ်းရေး ဗဟိုက ဦးကျော်ဟိုးက ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ