ဥရောပ နိုင်ငံတွေ မြန်မာ စစ်တပ်နဲ့ကြား ဆက်ဆံရေး ထားရှိနေ

  • 24 ဧပြီ 2017
Image caption ဗီယာနာမြို့တော် စစ်သမိုင်း ပြတိုက်ကို လေ့လာခဲ့

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှုးကြီး မင်းအောင်လှိုင်ဟာ ဥရောပ ခရီးစဉ် သွားနေတာမှာ ဩစတြီးယား နိုင်ငံကို ရောက်ရှိနေပြီး ဗီယာနာမြို့တော် စစ်သမိုင်း ပြတိုက်ကို လေ့လာ ခဲ့တယ်လို့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံးက ထုတ်ပြန် ထားပါတယ်။

ဂျာမနီ စစ်ဦးစီးချုပ်ရဲ့ ဖိတ်ကြားမှုနဲ့ ဂျာမနီ နိုင်ငံကို အသွားမှာ ဗိုလ်ချုပ်မှုးကြီး မင်းအောင်လှိုင်ဟာ အခုလို ဩစတြီးယား နိုင်ငံကိုလည်း ဝင်ရောက်တာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ နှစ်တုန်းကလည်း ဥရောပ သမဂ္ဂ အီးယူရဲ့ စစ်ကော်မတီ အစည်းအဝေးကို ဗိုလ်ချုပ်မှုးကြီး မင်းအောင်လှိုင်ကို ဖိတ်ပြီး မိန့်ခွန်း ပြောစေတာမျိုး ပြုလုပ် ခဲ့တဲ့ အတွက် ဥရောပ ခေါင်းဆောင်တွေ အနဲ့ မြန်မာ့ နိုင်ငံရေး အပြောင်းအလဲ ကာလမှာ မြန်မာ စစ်တပ် ခေါင်းဆောင်နဲ့ ကြားထဲမှာပါ ဆက်ဆံရေးတွေ လမ်းဖွင့် ထားရှိလာတာ ဖြစ်တယ် ဆိုပြီး လေ့လာသူတွေက ဆိုပါတယ်။

ဂျာမနီ အပါအဝင် ဥရောပ အနေနဲ့ မြန်မာ စစ်တပ်နဲ့ကြား ဆက်ဆံရေး ရှိလာပေမယ့် လက်နက်ရောင်းချခွင့် ပိတ်ထားတာကိုတော့ ချက်ချင်း ပြန်ရုပ်ပေးဖို့ မလွယ်သေးဘူးလို့ စစ်ရေး သုံးသပ်သူတွေက ဆိုပါတယ်။

အထူးသဖြင့် ရခိုင်၊ ရှမ်းနဲ့ကချင်ပြည်နယ်မှာ စစ်တပ်က ကျူးလွန်ခဲ့တဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို မကြာခင်ကပဲ ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီမှာ ပြင်းပြင်းထန်ထန် သတိပေးခဲ့တာမျိုး ရှိနေတဲ့ အတွက် အီးယူ အနေနဲ့ မြန်မာ စစ်တပ်ကို လက်နက်ရောင်း လာလောက်တဲ့ အထိ ဖွင့်ပေးဖို့ မဖြစ်နိုင်သေးဘူးလို့ သုံးသပ် နေကြပါတယ်။

ဒါပေမယ့်လည်း ဒီ အနောက်နိုင်ငံတွေ အနေနဲ့ မြန်မာကို စစ်လက်နက် မဟုတ်ရင်တောင်မှ စစ်လက်နက် အကူပစ္စည်းတွေ ရောင်းချချင်ပုံ ရတယ်လို့ မြန်မာ့အရေးနဲ့ လက်နက်ကိုင် တပ်များ အရေး စောင့်ကြည့် လေ့လာနေတဲ့ သတင်းစာဆရာ ဘာတီးလ် လစ်တနာက ဆိုပါတယ်။

အီးယူ နိုင်ငံတွေ ဆီက လက်နက် တိုက်ရိုက် ဝယ်မရဘူး ဆိုပေမယ့် အိန္ဒိယနယ်စပ်မှာ ဗြိတိန်လုပ် ရော့ကက် လောင်ချာတွေလို စစ်လက်နက်တွေကို တရားမဝင် ကြားခံ ဝယ်ယူတာမျိုး ရှိခဲ့သလို၊ စင်္ကာပူကို ကြားခံထားပြီး ဥရောပ နိုင်ငံစုံက လက်နက် အကူပစ္စည်းတွေ ဝယ်နေတာတွေ ရှိတယ်လို့လည်း ဘာတီးလ် လစ်တနာက ပြောပါတယ်။

အခု ခရီးစဉ်မှာ ဗိုလ်ချူပ်ကြီး မြထွန်းဦး အပါအဝင် ထိပ်တန်း စစ်ဘက် အရာရှိ တချို့လည်း ကာကွယ်ရေး ဦးစီးချုပ်နဲ့ အတူ လိုက်ပါ သွားပါတယ်။