အရပ်ဖက် အဖွဲ့တွေ ပါဝင်ခွင့်နဲ့ စာတမ်းတင်ခွင့် ပေးပါလို့ တောင်းဆို

  • 24 ဧပြီ 2017
Image caption လောက်ကိုင် တိုက်ပွဲတုန်းက စစ်ဘေး ဒုက္ခသည်တွေ

ရှမ်းပြည်နယ်မှာ ကျင်းပနေတဲ့ ဒေသအလိုက် အမျိုးသား အဆင့် နိုင်ငံရေး ဆွေးနွေးပွဲတွေမှာ ပြည်နယ်ရဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ထဲ ပါဝင်နေတဲ့ အရပ်ဖက် အဖွဲ့တွေကို ဖိတ်ကြားတာမျိုး မလုပ်ခဲ့ဘူး ဆိုတဲ့ မကျေမနပ် ပြောဆိုမှုတွေ ထွက်ပေါ် လာပါတယ်။

ပြည်နယ်ထဲက ခရိုင်တွေ၊ မြို့နယ်တွေ အလိုက် အဆင့်ဆင့် ဆွေးနွေးပွဲတွေမှာ အရပ်ဖက် အဖွဲ့တွေ ပါဝင်ခွင့် ပေးပြီး၊ ကျွမ်းကျင်ရာ ကဏ္ဍအလိုက် စာတမ်းတွေ တင်ခွင့်လည်း ပေးပါ လို့ ရှမ်းပြည်နယ် အရပ်ဖက် အဖွဲ့အစည်းတွေက ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲ ကော်မတီ UPDJC ကို စာရေးသား တောင်းဆို လိုက်ပါတယ်။

ဒေသအလိုက် ဆွေးနွေးပွဲတွေ ကျင်းပတဲ့ အခါ အရပ်ဖက် အဖွဲ့တွေကို သီတင်း နှစ်ပတ် ကြိုတင် အကြောင်းကြားဖို့ လိုတယ်လို့လည်း နိုင်ငံရေး ဆွေးနွေးပွဲတွေကို အစောတလျှင် ပုံစံမျိုး မပြုလုပ်ဖို့ အရပ်ဖက် အဖွဲ့တွေက ထောက်ပြ နေကြပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းကပဲ အဓိက ရှမ်းပါတီ တစ်ခု ဖြစ်တဲ့ SNLD ပါတီက သူတို့လည်း အနီးကပ်မှ ဖိတ်ကြား ခံခဲ့ရတယ် ဆိုပြီး ပြောထားသလို၊ ရှမ်းပြည် တောင်ပိုင်း တပ်မတော် RCSS/SSA လို့ အသိများတဲ့ ရှမ်းပြည် ပြန်လည် ထူထောင်ရေး ကောင်စီ ကလည်း လူမျိုး အပေါ် အခြေခံတဲ့ နိုင်ငံရေး ဆွေးနွေးပွဲတွေသာ စတင် ကျင်းပသင့်တယ်လို့ ဝေဖန် ထားပါတယ်။

ရှမ်းပြည်နယ် မှာ ဒေသအလိုက် နိုင်ငံရေး ဆွေးနွေးပွဲ လုပ်ဖို့ ကြီးကြပ်ရေး ကော်မတီ ဖွဲ့ထား ပေမယ့် အခု အစီအစဉ်တွေဟာ ရှမ်းပြည်နယ် အစိုးရက ကြီးမှုးပြုလုပ် နေတာ ဖြစ်ကြောင်း သိထား ရတယ် လို့ အရပ်ဖက် အဖွဲ့တွေက ပြောနေပါတယ်။

လာမယ့် မေလ ထဲမှာ ဆိုရင် ၂၁ ရာစု ပင်လုံ ညီလာခံကို ဒုတိယ အကြိမ် ပြန်စ တော့မှာ ဖြစ်တာကြောင့် အဲဒီ ညီလာခံ အမှီ စီစဉ်ရတာ ဖြစ်တယ်ဆိုပြီး ရှမ်းပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်က ဘီဘီစီကို အစောပိုင်းတုန်းက ပြောထားပါတယ်။