NLD အမတ် ရွာသားကို လက်ရောက်မှု နှစ်ဖက် ကျေအေး

  • 24 ဧပြီ 2017
ဓာတ်ပုံ မူပိုင် Tanintharyi Divisional Parliament FB
Image caption ရွာသားကို ရိုက်နှက်ခဲ့သူဟာ တနင်္သာရီတိုင်း လွှတ်တော်အမတ် တစ်ဦးဖြစ်ပါတယ်။

NLD အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် တိုင်းဒေသကြီး လွှတ်တော် အမတ်က ရွာသား တစ်ယောက်ကို ကိုယ်ထိ လက်ရောက် ရိုက်နှက်ခဲ့မှု အတွက် ဧပြီလ ၂၄ ရက်နေ့က နှစ်ဖက်တွေ့ဆုံ ကျေအေး လိုက်ကြပါတယ်။

တနင်္သာရီမြို့နယ် ပ၀ကျေးရွာမှာ စာသင်ကျောင်း ဆောက်လုပ်တာကို တနင်္သာရီတိုင်း လွှတ်တော် အမတ် ဦးရဲမြင့်ဆွေက သွားရောက် စစ်ဆေးစဉ်မှာ ရွာသား တစ်ယောက်နဲ့ အချင်းများခဲ့တာ ဖြစ်ပါတယ်။

ဒီဖြစ်ရပ်ဟာ သတင်းပေါ် အခြေခံပြီး ပြောနေကြတာသာ ဖြစ်ပြီး ဥပဒေအရ အရေးယူ စရာ မရှိတဲ့ အတွက် ပါတီ အနေနဲ့ ဦးရဲမြင့်ဆွေကို အရေးယူ ဆောင်ရွက်စရာ မရှိဘူးလို့ ပါတီ ဗဟို အတွင်းရေးမှူး အဖွဲ့ဝင် ဦးဉာဏ်ဝင်းက ပြောပါတယ်။

ကျောင်းဆောင် ဆောက်သူတွေနဲ့ ရွာသားတွေကြား ပြဿနာ မဖြစ်အောင်ဝင် ထိန်းရင်း ကိုယ်ထိ လက်ရောက် ပြုမိခဲ့တာ ဖြစ်ပြီး နောင်ဒါမျိုး မဖြစ်စေရပါဘူးလို့ အရိုက်ခံရသူ ရွာသားနဲ့ ဒေသခံတွေ ရှေ့မှာ သူ ကတိပေးခဲ့ကြောင်း ဦးရဲမြင့်ဆွေက ပြောပါတယ်။

အဲဒီ ရွာသား အပါအဝင် မဲဆန္ဒရှင် ပြည်သူတွေက သူ့အပေါ် အမြင်စောင်းသွားနိုင်တဲ့ အတွက် တောင်းပန်ကြောင်းလည်း ဦးရဲမြင့်ဆွေက ပြောပါတယ်။

ရွာသား ဘက်ကလည်း လွှတ်တော်အမတ်ရဲ့ တောင်းပန်မှုကို ကျေနပ်လက်ခံခဲ့ပြီး အရိုက်ခံရတာနဲ့ ပတ်သက်လို့ တိုင်တန်းတာ တရားစွဲတာမျိုးတွေ လုပ်မှာ မဟုတ်ဘူးလို့ ကတိ ပေးကျေအေး ခဲ့တာ ဖြစ်ပါတယ်။

လူမှု ကွန်ရက်တွေ ပေါ်မှာ ထွက်ပေါ်လာတဲ့ ဘိတ်လို ပြောထားတဲ့ ဗီဒီယိုမှာ ဦးရဲမြင့်ဆွေက ရွာသားကို အကြိမ်ကြိမ် တောင်းပန်ပြီးနောက် ကုပ်ကနေ ဆွဲထုတ် တာသာ ဖြစ်ပြီး ပါးရိုက်တာ မဟုတ်ဘူးလို့ ဘီဘီစီကို ပြောပါတယ်။

ကင်မရာတွေ အများကြီးနဲ့ ရိုက်နေတဲ့ အချိန်မှာ သူ့အနေနဲ့ ပါးရိုက်ရ လောက်အောင် မမိုက်မဲဘူး၊ ဒေါသ အလျောက် လက်ပါသွားခဲ့မိတာ လို့လည်း ဦးရဲမြင့်ဆွေက ပြောပါတယ်။

NLD အမတ်တွေ အစိုးရ အဖွဲ့ဝင်တွေရဲ့ လုပ်ဆောင်ချက်တွေနဲ့ ပတ်သက်လို့ ပါတီ စည်းကမ်း ထိန်းသိမ်းရေး ကော်မတီကို တိုင်ကြားတာမျိုးတွေ ရှိပြီး ပါတီဘက်က အရေးယူ ဆောင်ရွက်တာတွေလည်း ရှိပေမဲ့ အခု ဖြစ်ရပ် ကတော့ အင်တာနက်စာမျက်နှာတွေပေါ်မှာ လူသိရှင်ကြား ပျံ့နှံ့ လာတာဖြစ်ပြီး အဲဒီအပေါ်ဝေဖန်ပြောဆို မှုတွေ ရှိနေပါတယ်။