တစ်နိုင်ငံလုံး လျှပ်စစ်မီး ရရေး နည်းလမ်းရှာ ဆွေးနွေး

  • 25 ဧပြီ 2017
ဓာတ်ပုံ မူပိုင် Myanmar State Counsellor Office Facebook
Image caption စွမ်းအင်မူဝါဒ ညှိနှိုင်းဆွေးနွေးပွဲကို ဒေါ်အောင်ဆန်းစုကြည်တက်ရောက်

ဧပြီလ ၂၅ ရက်နေ့က နေပြည်တော်မှာ ကျင်းပခဲ့တဲ့ စွမ်းအင် မူဝါဒဆိုင်ရာ ညှိနှိုင်း အစည်းအဝေးမှာ စွမ်းအင်နဲ့ ဆိုင်တဲ့ မူဝါဒ ၁၂ ချက်ကို ဆွေးနွေး ခဲ့ကြ ပါတယ်။

အဲဒီ ၁၂ ချက်ထဲက တချို့ အချက်တွေကို ပြင်ဆင်တာ ပယ်ဖျက် တာတွေ လုပ်ခဲ့ပြီး အဓိက အားဖြင့် တစ်နိုင်ငံလုံး လျှပ်စစ်မီး ရဖို့ ဘယ်လို ဆောင်ရွက်ကြမလဲ ဆိုတာ ဆွေးနွေးကြ တာဖြစ်ပါတယ်။

အဓိက ဆွေးနွေးကြတဲ့ အချက်တွေထဲမှာ စွမ်းအင် လုပ်ငန်းတွေ ပိုမိုအောင်မြင်ဖို့ အတွက် နိုင်ငံတော်ရဲ့ စီးပွားရေးဆိုင်ရာ မူဝါဒတွေနဲ့ အညီ ပုဂ္ဂလိက ကုမ္ပဏီတွေကို လုပ်ခွင့်ပေးဖို့လည်း ပါဝင်တယ်လို့ မွန်ပြည်နယ် လျှပ်စစ် စွမ်းအင်နဲ့စက်မှု ဝန်ကြီး ဦးမင်းထင်အောင်ခိုင် က ပြောပါတယ်။

ဒါ့အပြင် ဆွေးနွေးမှုတွေထဲမှာ လျှပ်စစ် ဓါတ်အားပြုန်းတီးမှုတွေကို နေတာတွေပြင်ဆင်ဖို့ ရပ်နေတဲ့ ရေအားလျှပ်စစ် စီမံကိန်းတွေကို ပြန်စဖို့နဲ့ တချိန်မှာ ဓါတ်အားခ အပြောင်းအလဲတွေ လုပ်ဖို့ စတာတွေလည်း ပါဝင်ပါတယ်။

နောင်တချိန်မှာ နည်းပညာ အဆင့်မြင့်တဲ့ ကျောက်မီး သွေးကနေ လျှပ်စစ်ဓါတ်အား ထုတ်လုပ်ဖို့ ကိုလဲစဉ်းစားသင့်တယ်လို့ အစည်းအဝေး တက်ရောက်လာသူ တချို့က တင်ပြတာတွေရှိပါတယ်။

စွမ်းအင် မူဝါဒ ချမှတ်ဖို့ မူကြမ်း ရေးဆွဲရေးဆွေးနွေးပွဲကို နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တက်ရောက်ခဲ့ပြီး ပြည်နယ်နဲ့တိုင်းက ဝန်ကြီးတွေ အပါအဝင် သက်ဆိုင်ရာ ဝန်ကြီးတွေ ပါဝင်ဆွေးနွေး ခဲ့ကြပါတယ်။

ပြည်သူတွေ လျှပ်စစ်ဓါတ်အား လုံလုံလောက်လောက် ရရှိရေး နည်းလမ်းရှာ ဝိုင်းဝန်း လုပ်ဆောင်ဖို့နဲ့ အဲဒီလို လုပ်ဆောင်တဲ့ အခါ ပြည်ထောင်စု အစိုးရနဲ့ ပြည်နယ် တိုင်း အစိုးရတို့ ညှိနှိုင်း ပေါင်းစပ် လိုအပ်တာတွေ ဖြည့်ဆည်း ပေးဖို့ ပြောဆို ခဲ့ကြတယ်လို့ အစည်းအဝေး တက်ရောက်သူ တချို့က ပြောပါတယ်။