မှုခင်းသတင်းထောက်များ အသင်း အဖွဲ့ဝင်တွေကို စိစစ်ပေးဖို့ တောင်းဆို

  • 26 ဧပြီ 2017
Image caption သတင်းမီဒီယာကျင့်ဝတ်နဲ့ မညီ လုပ်ဆောင်မှုတွေကို စိစစ်ဖို့ သတင်းမီဒီယာကောင်စီကလည်း ကြေညာချက်ထုတ် တိုက်တွန်းလိုက်

မြန်မာနိုင်ငံ မှုခင်းသတင်းထောက်များအသင်း ဗဟို အဖွဲ့ချုပ်ရဲ့ အဖွဲ့ဝင်တွေဟာ သတင်း စုံစမ်းရေးသားမှုကို အခြေပြုပြီး ငွေကြေးတောင်းရမ်းတာတွေ၊ ခြိမ်းခြောက်တာတွေနဲ့ အာဏာပိုင်အဖွဲ့အစည်းတွေကို သတင်းပေးတာတွေ လုပ်နေတဲ့အတွက် စိစစ် ကြပ်မတ်ပေးဖို့ သတင်းမီဒီယာကွန်ရက် အဖွဲ့ ၁၁ဖွဲ့ကနေ ကြေညာချက်ထုတ် တိုက်တွန်းလိုက်ပါတယ်။

မြန်မာနိုင်ငံ မှုခင်းသတင်းထောက်များအသင်း ဗဟို အဖွဲ့ချုပ်ရဲ့ အဖွဲ့တံဆိပ်တွေနဲ့ ယူနီဖောင်းတွေ ဝတ်ပြီး သတင်းရင်းမြစ်တွေဆီကနေ ခြိမ်းခြောက် ငွေတောင်းယူမှုတွေ ဖြစ်ပွားနေတယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ဧပြီလ ၁၆ရက်နေ့က မြန်မာနိုင်ငံ မှုခင်းသတင်းထောက်များအသင်းဝင် ကတ်ပြား ကိုင်ဆောင်ထားသူတွေက ငွေကြေးယူပြီး ဘင်္ဂါလီတွေကို ဆိုင်ကယ်နဲ့ စစ်တွေမြို့ကို ခေါ်ဆောင်လာစဉ် တောင်ကုတ်မြို့ တောင်ပေါ်ကြီး စစ်ဆေးရေးဂိတ်မှာ ဖမ်းဆီးမိခဲ့တယ် ဆိုတာကို သတင်းတွေမှာ တွေ့ခဲ့ရကြောင်း မြန်မာ သတင်းဂျာနယ်လစ် ကွန်ရက် အတွင်းရေးမှူး ကိုဇေယျာလင်းက ဘီဘီစီကို ပြောပါတယ်။

မြန်မာနိုင်ငံ မှုခင်းသတင်းထောက်များအသင်းဟာ ရဲအရာရှိ အငြိမ်းစားတွေနဲ့ အစိုးရအရာရှိ အငြိမ်းစားတွေက နာယကအဖြစ် ပါဝင်ဖွဲ့စည်းထားတဲ့ အဖွဲ့ ဖြစ်တယ်လို့ ဆိုပါတယ်။

သတင်းသမားတွေ အမည်ခံထားသူတွေက ဒီလို လုပ်ဆောင်နေတဲ့အတွက် သတင်းမီဒီယာ နယ်ပယ်ရဲ့ ဂုဏ်သတင်း ကျဆင်းစေမှာ ဖြစ်ပြီး သတင်းမီဒီယာ လွတ်လပ်ခွင့်ကိုပါ ထိပါးစေမယ်လို့ အဲဒီကြေညာချက်ထဲမှာ ဖေါ်ပြထားပါတယ်။

သတင်းမီဒီယာ ကျင့်ဝတ် ဖောက်ဖျက် ကျူးလွန်မှုတွေနဲ့ ဖောက်ဖျက် ကျူးလွန်သူတွေကို စည်းကမ်းထိန်းသိမ်းကြပ်မတ်ပေးဖို့ မြန်မာနိုင်ငံ သတင်းမီဒီယာ ကောင်စီကလည်း တနေ့တည်းမှာပဲ စာထုတ်ပြန်လိုက်ပါတယ်။