မြန်မာ့သတင်းလွတ်လပ်ခွင့် စိုးရိမ်နေရဆဲ

  • 26 ဧပြီ 2017
ဓာတ်ပုံ မူပိုင် RSF
Image caption အဆင့် ၁၄၄ ကနေ အဆင့် ၁၃၁ ကို တက်လာခဲ့။ ဒါပေမယ့် စိုးရိမ်ရတဲ့ အနီရောင်ဇုန်ထဲမှာ ရှိနေဆဲ

မြန်မာနိုင်ငံရဲ့ သတင်းမီဒီယာလွတ်လပ်ခွင့်က တိုးတက်လာပေမယ့် စိုးရိမ်ရဆဲ အနေအထားမှာပဲ ရှိသေးတယ်လို့ နယ်စည်းမခြားသတင်းထောက်များအဖွဲ့ RSF ရဲ့ ၂၀၁၇ အတွက် နိုင်ငံတကာ သတင်းလွတ်လပ်ခွင့် စစ်တမ်းညွှန်းကိန်းမှာ ဖော်ပြပါတယ်။

နိုင်ငံပေါင်း ၁၈၀ ကို စစ်တမ်းကောက်ရာမှာ မြန်မာနိုင်ငံက ဒီနှစ် အဆင့် ၁၃၁ မှာ ရှိနေပါတယ်။ ပြီးခဲ့တဲ့နှစ်က အဆင့် ၁၄၄ ကနေ တက်လာခဲ့တာ ဖြစ်ပါတယ်။

မြန်မာသတင်းထောက်တွေအနေနဲ့ NLD အစိုးရကနေ သတင်းမီဒီယာလွတ်လပ်ခွင့်အတွက် ဆောင်ရွက်ပေးမယ်လို့ မျှော်လင့်ခဲ့ကြပေမယ့် ဒီကိစ္စဟာ အစိုးရရဲ့ ဦးစားပေးလုပ်ဆောင်မယ့် စာရင်းထဲမှာ မပါတာ တွေ့ရတယ်လို့ RSF က ဖော်ပြပါတယ်။

အစိုးရအရာရှိတွေ၊ စစ်တပ်အရာရှိတွေနဲ့ပတ်သက်ရင် သတင်းမီဒီယာတွေဘက်က ကိုယ်တိုင်ထိန်းချုပ်ကန့်သတ်ပြီး ဖော်ပြနေရတုန်းပဲ ဆိုပါတယ်။

ရခိုင်ပြည်နယ်အရေးနဲ့ပတ်သက်ပြီး လူမျိုးရေးခွဲခြားတဲ့ အမြင်တွေကြောင့် လွတ်လွတ်လပ်လပ် ဖော်ပြဖို့နဲ့ လူသားချင်းစာနာမှုအကူအညီတွေပေးဖို့ အကန့်အသတ်ရှိနေတယ်လို့လည်း RSF က ထောက်ပြပါတယ်။

ဒီစစ်တမ်းမှာ သတင်းမီဒီယာလွတ်လပ်ခွင့် အရှိဆုံးနိုင်ငံကတော့ နော်ဝေးနိုင်ငံဖြစ်ပြီး သတင်းလွတ်လပ်ခွင့် မရှိဆုံးနိုင်ငံအဖြစ် မြောက်ကိုးရီးယားက အောက်ဆုံးမှာ ရှိနေပါတယ်။