ဗိုလ်ချုပ်အောင်ဆန်းတံတား အစား ချောင်းဆုံတံတား အမည်ပြောင်းရေး လက်မှတ်ကောက်ခံ

  • 26 ဧပြီ 2017
ဓာတ်ပုံ မူပိုင် AFP
Image caption မွန်ပြည်နယ် သံလွင်မြစ်ကူး တံတားမှာဆန္ဒပြ

မွန်ပြည်နယ်မှာရှိတဲ့ ဘီလူးကျွန်းနဲ့ချောင်းဆုံကို ကူးတဲ့ သံလွင်မြစ်ကူး တံတားကို ပြည်သူ့လွှတ်တော်ကနေ ဗိုလ်ချုပ်အောင်ဆန်း တံတားလို့ အမည်ပေးဖို့ ဆုံးဖြတ်ခဲတာကို ဒေသခံတွေက ပြန်လည် ပြင်ဆင်ပေးဖို့ လက်မှတ် ကောက်ခံခဲ့ပါတယ်။

နောက်ဆုံးနေ့ဖြစ်တဲ့ ဧပြီလ၂၆ရက်မှာ လက်မှတ်ပေါင်း တသိန်းခွဲလောက် ရရှိတယ်လို့ ချောင်းဆုံ တံတားဆိုင်ရာ လူထု လှုပ်ရှားမှု ကော်မတီ ပြောရေးဆိုခွင့်ရှိသူ ကိုမင်းမင်းနွယ်ကပြောပါတယ်။

အခုရရှိတဲ့ လက်မှတ်တွေကို နိုင်ငံတော်သမ္မတ၊ အတိုင်ပင်ခံပုဂ္ဂိုလ် အပါအဝင်နိုင်ငံတော် အဆင့်အကြီးအကဲများ ပြည်နယ် ဝန်ကြီးချုပ်နဲ့ ဒေသလွှတ်တော်တွေကို ပေးပို့သွားမယ်လို့ ပြောပါတယ်။

ဗိုလ်ချုပ်အောင်ဆန်း တံတားလို့ အမည်ပေးတာကို လူထုဆန္ဒ မဟုတ်ကြောင်း ဒေသခံ တိုင်းရင်းသားတွေက ထုတ်ဖေါ်ဆန္ဒပြခဲ့ပေမယ့် မတုံ့ပြန်ပဲ ပြည်သူ့လွှတ်တော်မှာ မဲအများစုနဲ့ မဲခွဲဆုံးဖြတ် ခဲ့တဲ့အတွက် သူတို့သမိုင်းကို သူတို့ရေး ကြတာဖြစ်တယ် လူထုနဲ့ မဆိုင်ကြောင်း ပြသဖို့ အခုလိုကောက်ခံတာလို့ သိရပါတယ်။

ကောက်ခံရမှာ လူထုက မှတ်ပုံတင်နဲ့အတူ လက်မှတ်ထိုးရမှာ ကြောက်တဲ့အတွက် ကောက်ခံဖို့ ခက်ခဲတယ်လို့ ကိုမင်းမင်းနွယ်က ဆိုပါတယ်။

အခုအခါ မွန်လူထုကြားမှာ ဘီလူးကျွန်းတံတား ချောင်းဆုံ တံတားလို့ပဲ ခေါ်ဆိုနေကြပါတယ်။

တကယ်လို့ အာဏာပိုင်တွေက ပြောင်းလဲမပေးရင် ဥပဒေကြောင်းအရ လွှတ်တော်က တဆင့် အဆုံးအဖြတ် ပေးနိုင်တဲ့ အဆင့်အထိ ဆက်တင်သွားမယ်လို့ သိရပါတယ်။ ဒါ့အပြင် လက်မှတ်ကိုလည်း နောက်ဆက်တွဲ ဆက်ကောက် သွားဖို့ရှိပြီး နိုင်ငံတကာကိုပါ အသိပေး သွားမယ်လို့ ချောင်းဆုံ တံတားဆိုင်ရာ လူထုလှုပ်ရှားမှု ကော်မတီမှ ပြောရေး ဆိုခွင့်ရှိသူက ဘီဘီစီကို ပြောသွားပါတယ်။