အပ်ကုန် ပြန်မပို့နိုင်တဲ့ကားတွေဝယ်ရင် စလစ်မလို

  • 27 ဧပြီ 2017
Image caption ရန်ကုန်မှာ ကားတွေ ယာဉ်ကြောကျပ်လို့ နယ်အတွက် အထူးအခွင့်အရေးပေး

အပ်ကုန်စနစ် (consignment) နဲ့အပ်ထားတဲ့ မော်တော်ကားတွေ ရောင်းထွက်ဖို့အတွက် နည်းလမ်းသစ်ရှာဖွေစီစဉ်ပေးထားတယ်လို့ စီးပွားရေးနဲ့ ကုန်သွယ်ရေး ဝန်ကြီးဌာန အရာရှိ တဦးက ဘီဘီစီကို ပြောပါတယ်။

အပ်ကုန်စနစ် (consignment) ဆိုတာဟာ မော်တော်ကားတွေကို ရောင်းချပြီးမှ ငွေချေရတဲ့ စနစ်ဖြစ်ပါတယ်။ ရောင်းမထွက်ရင် ပစ္စည်းကို ပြန်အပ်ရပါတယ်။ ကားကို ငွေပေးချေ ဝယ်ယူစရာ မလိုပါဘူး။ ရောင်းတဲ့သူက ကော်မရှင်ကိုပဲ ယူရတဲ့ စနစ်ဖြစ်ပါတယ်။ ဒီစနစ်အရ ကားကို ရောင်းမထွက်ပဲ ၂ နှစ်ကြာရင် ပြန်ပို့ရမှာ ဖြစ်ပါတယ်။

ဒါပေမယ့် တချို့နိုင်ငံတွေကို ကားပြန်ပို့ဖို့ရာ လက်တွေ့မှာ မဖြစ်နိုင်လို့ ရောင်းမထွက်တဲ့ကားအစီးရေ ၅၀၀၀ လောက်ရှိနေတယ်လို့ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနရဲ့ ညွှန်ကြားရေးမှူးချုပ် ဦးရန်နိုင်ထွန်းက ပြောပါတယ်။

အဲသလို ပြန်ပို့လို့ မရတဲ့ အတွက် လုပ်ငန်းရှင်တွေ မနစ်နာအောင် ကားတွေရောင်းထွက်မယ့်နည်း စီစဉ်ပေးထားတယ်လို့ ဆိုပါတယ်။

အဲဒါကတော့ နယ်ကလူတွေ ကားအသစ်ဝယ်ချင်ရင် စလစ်ပြစရာ မလိုတော့ဘဲ ဝယ်ယူခွင့်ပြုမယ့် စနစ်လို့ ဆိုပါတယ်။

စလစ်ဆိုတာကတော့ ကားအသစ်ဝယ်ချင်ရင် ကားအဟောင်းကို ဖျက်သိမ်းထားကြောင်း စလစ်ပြပြီး ဝယ်ရတာကို ဆိုလိုတာ ဖြစ်ပါတယ်။ အဲဒီစလစ်ဟာ စျေးကွက်ထဲမှာ သိန်း ၁၀၀ လောက် ပေါက်စျေးရှိပါတယ်။

ဒါ့ကြောင့် စလစ် မလိုတော့ဘူးဆိုတာဟာ သိန်း ၁၀၀ သက်သာခွင့်ပေးလိုက်တယ်ဆိုတဲ့ အဓိပ္ပာယ် သက်ရောက်ပါတယ်။

ဘာ့ကြောင့် ကုန်သည်အချို့နဲ့ နယ်ကလူတွေကို အထူးအခွင့်အရေးပေးတယ်ဆိုတာကိုတော့ ရှင်းရှင်းလင်းလင်း မသိရပါဘူး။

နယ်ကလူတွေကိုပဲ ဝယ်ယူခွင့်ပြုတာဟာ ရန်ကုန်မှာ ကားပိုကျပ်လာမှာ စိုးလို့ နယ်ကိုပဲ ခွင့်ပြုတာဖြစ်နိုင်တယ်လို့ ကားအရောင်းအဝယ်လုပ်သူတချို့ကတော့ သုံးသပ်ကြပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ