ပြည်သူ့ ဝန်ဆောင်မှု မီဒီယာ ပေါ်ပေါက်ရေး ဆွေးနွေး

  • 27 ဧပြီ 2017
Image caption ဒီမိုကရေစီလမ်းကြောင်းကို သွားနေတဲ့ မြန်မာ နိုင်ငံမှာ အစိုးရနဲ့ တပ်မတော် သတင်းမီဒီယာတွေ ရှိနေသေး

မြန်မာ နိုင်ငံမှာ ပြည်သူ့ ဝန်ဆောင်မှု မီဒီယာ ဥပဒေ တစ်ရပ် ပေါ်ပေါက်ရေး အတွက် ပြန်ကြားရေး ဝန်ကြီးဌာနက တာဝန်ရှိသူတွေနဲ့ သတင်း မီဒီယာတွေ၊ အရပ်ဖက် အဖွဲ့အစည်းတွေနဲ့ လွတ်လပ်စွာ ထုတ်ဖော် ပြောဆိုခွင့် ရရေး လှုပ်ရှား နေတဲ့ Article 19 အဖွဲ့တို့ ဧပြီလ ၂၇ ရက်နေ့က နေပြည်တော်မှာ တွေ့ဆုံ ဆွေးနွေး ခဲ့ကြ ပါတယ်။

ပြည်သူ့ ဝန်ဆောင်မှု မီဒီယာသို့ အရွေ့ ဆိုတဲ့ ခေါင်းစဉ်နဲ့ ပြုလုပ်ခဲ့တဲ့ ဆွေးနွေးပွဲမှာ MRTV လို အစိုးရပိုင် မီဒီယာ အပြင် ကြေးမုံ၊ မြန်မာ့အလင်း စတဲ့ သတင်းစာ တွေကို လည်း ပြည်သူ့ ဝန်ဆောင်မှု မီဒီယာ အဖြစ်ပြောင်းလဲရေး ဥပဒေရေး ဆွဲပြီး ပြဌာန်း ဆောင်ရွက်ဖို့ ဆွေးနွေးခဲ့ကြပါတယ်။

ပြည်သူ့ဝန်ဆောင်မှု မီဒီယာ ဥပဒေကြမ်း ထွက်ပေါ်ခဲ့ပြီးနောက် ဥပဒေ ပေါ်ပေါက်လာရေးကို ဆွေးနွေးတာမျိုး မရှိတဲ့ အတွက် အခု ဆွေးနွေးမှုက အစိုးရကို တွန်းအားပေးတဲ့ သဘော ဖြစ်တယ်လို့ Article 19 က စီမံကိန်း မန်နေဂျာ တစ်ယောက် ဖြစ်တဲ့ မယဉ်ရတနာသိန်းက ပြောပါတယ်။

ပြည်သူ့ ဝန်ဆောင်မှု မီဒီယာ က တဖြည်းဖြည်း မှေးမှိန်လာတဲ့ အတွက် ဥပဒေ ဆက်လက် အကောင်အထည် ဖော်နိုင်ဖို့ ရည်ရွယ်ချက်နဲ့ ဆောင်ရွက်တာ ဖြစ်တယ်လို့လည်း ပြောပါတယ်။

ပြန်ကြားရေးနဲ့ ပြည်သူ့ ဆက်ဆံရေး ဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှုးချုပ် ဒေါက်တာ သီတာတင် ကလည်း ဒီဥပဒေကို ပြဌာန်းနိုင်ရင် သတင်းမီဒီယာ လောက ဖွံ့ဖြိုးလာနိုင်ပြီး ပြည်သူတွေ အတွက်လည်း အကျိုးရှိနိုင်တယ်လို့ ပြောပါတယ်။

ဥပဒေမှာ ပြင်ဆင်စရာတွေ၊ လွှတ်တော်ကို တင်ပြရမယ့် အကြောင်းအရာတွေကို ဆက်လက် ဆွေးနွေးရဦးမှာ ဖြစ်ပါတယ်။