ကုလအချက်အလက်ရှာဖွေရေး အဖွဲ့ ဝင်ခွင့် တောင်းဆို

  • 27 ဧပြီ 2017
ဓာတ်ပုံ မူပိုင် Reuters
Image caption ပဋိပက္ခကြားက အခြေပျက်ပြားတဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေ

ရခိုင်ပြည်နယ် မြောက်ပိုင်းက ရိုဟင်ဂျာ မွတ်ဆလင်တွေ အပေါ် အစိုးရ စစ်တပ်က လူ့ အခွင့်အရေး ချိုးဖောက်မှုတွေ ပြုလုပ် ခဲ့သလား ဆိုတာ စုံစမ်းမယ့် အချက်အလက် ရှာဖွေရေး အဖွဲ့ကို မြန်မာ အစိုးရက လက်ခံ ဝင်ခွင့် ပြုလာအောင် နိုင်ငံတကာ အနေနဲ့ ဝိုင်းပြီး ဖိအား ပေးကြပါ ဆိုပြီး လူ့ အခွင့်အရေး အဖွဲ့ ပေါင်း ၂ဝ ကျော် လက်မှတ်ထိုးလို့ တောင်းဆို လိုက်ပါတယ်။

ရခိုင်ပြည်နယ် ကချင်ပြည်နယ် ရှမ်းပြည်နယ်တို့ရဲ့ လူ့အခွင့်အရေး အခြေအနေတွေကို စုံစမ်းလေ့လာမယ့် ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီရဲ့ အချက်အလက် စုံစမ်းရေး မစ်ရှင်ကို မြန်မာအစိုးရက လက်ခံပူးပေါင်းဆောင်ရွက်လာအောင် အမေရိကန်၊ ဗြိတိန်၊ ဥရောပသမဂ္ဂ၊ အာဆီယံ၊ အစ္စလာမ်မစ်နိုင်ငံများ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ အိုအိုင်စီတို့က တိုက်တွန်းနှိုးဆော်ပေးကြဖို့ နိုင်ငံတကာ လူ့အခွင့်အရေး အဖွဲ့ ၂၂ ဖွဲ့ကတောင်းဆိုလိုက်တာ ဖြစ်ပါတယ်။

နိုင်ငံတကာက ဝိုင်းပြီး ဖိအား ပေးလာဖို့၊ မြန်မာ အစိုးရ ဘက်ကလည်း လက်ခံ လာဖို့ ဆိုတာတွေ လက်တွေ့မှာ တကယ် ဖြစ်နိုင်မယ့် အလားအလာ ရှိပါသလား။

တောင်းဆိုထားတဲ့ တဖွဲ့ ဖြစ်တဲ့ ဗြိတိန် အခြေစိုက် ဘားမား ကမ်ပိန်း ယူကေ အဖွဲ့က ဦးဆောင် လှုပ်ရှားသူ မာ့ခ် ဖာမနာကို ဘီဘီစီက ဆက်သွယ် မေးကြည့် ထားပါတယ်။

မာ့ခ် ဖာမနာ - ဥရောပ သမဂ္ဂ၊ ယူကေနဲ့ အမေရိကန် အပါအဝင် နိုင်ငံတကာ အသိုင်းအဝိုင်း အနေနဲ့ မြန်မာ အစိုးရ အပေါ်မှာ လုံလောက်တဲ့ ဖိအားမျိုး ပေးနိုင်ပြီး ဆိုရင် တနည်း မဟုတ် တနည်းနဲ့ ရခိုင် အရေး အပေါ် အချက်အလက် ရှာဖွေရေး အဖွဲ့ စေလွှတ်ဖို့ ဖြစ်လာနိုင်တယ်လို့ ကျနော်တို့ ယုံကြည် ထားပါတယ်။ လူ့ အခွင့်အရေး ကောင်စီရဲ့ ဆုံးဖြတ်ချက် ချပြီးပြီပဲ ဆိုပြီး မျှော်လင့် နေရုံ သက်သက် နဲ့ကတော့ မလုံလောက် ပါဘူး။ တကယ် ဖြစ်လာဖို့ဆို နောက်ဆက်တွဲ ဖိအား မျိုး လိုအပ် နေပါတယ်။

ဘီဘီစီ- ဒါပေမယ့် လူ့ အခွင့်အရေး ကောင်စီရဲ့ ဆုံးဖြတ်ချက် အပေါ်မှာ သက်ဆိုင်ရာ အစိုးရ အနေနဲ့ မဖြစ်မနေ လိုက်နာ ဆောင်ရွက် ရမယ် ဆိုတဲ့ ဥပဒေကြောင်းအရ တုပ်နှောင်ထားမှု မရှိ ဘူး မဟုတ်လား။ မြန်မာ အစိုးရက အချက်အလက် ရှာဖွေရေး အဖွဲ့ လက်မခံဘူးလို့ ပြောထားပြီးတဲ့နောက်မှာ နိုင်ငံတကာ အနေနဲ့ ဒီ ဆုံးဖြတ်ချက် တကယ်တမ်း အကောင်အထည် ပေါ်လာဖို့ ဘယ်လို နည်းတွေ သုံးပြီး လုပ်ဆောင် နိုင်မယ်လို့ မြင်ထားပါလဲ။

မာ့ခ် ဖာမနာ -ဟုတ်ပါတယ်။ အစိုးရတွေ မဖြစ်မနေ လိုက်နာရမယ် ဆိုတဲ့ ဆုံးဖြတ်ချက်မျိုး ချနိုင်တဲ့ အခွင့်အာဏာ လူ့ အခွင့်အရေး ကောင်စီမှာ မရှိပါဘူး။ ကုလသမဂ္ဂ လုံခြုံရေး ကောင်စီမှာ ရှိပါတယ်။ ဒီတော့ လူ့ အခွင့်အရေး ကောင်စီ အနေနဲ့ လုံခြုံရေး ကောင်စီထံ အလားတူ ဆုံးဖြတ်ချက်မျိုး ချပေးဖို့ တောင်းဆို နိုင်ပါတယ်။ ဒါမှမဟုတ် လူ့ အခွင့်အရေး ကောင်စီက သူတို့ ဖွဲ့မယ်လို့ ပြောတဲ့ အချက်အလက် ရှာဖွေရေး အဖွဲ့ကို တကယ် ဖွဲ့၊ မြန်မာ အစိုးရက လက်မခံလို့ မြန်မာ နိုင်ငံထဲ ဝင်လို့ မရရင် အနီးစပ်ဆုံး အိမ်နီးချင်း နိုင်ငံ ထဲ ဝင်ပြီး အဲဒီမှာ ရှိနေတဲ့ ဒုက္ခသည်တွေနဲ့ တွေ့တာမျိုး၊ ဒေသခံ လူ့ အခွင့်အရေး အဖွဲ့တွေနဲ့ ပူးပေါင်း ဆောင်ရွက်တာမျိုး ပြုလုပ်နိုင်ပါတယ်။ တကယ်တော့ ရိုဟင်ဂျာ တွေ အရေးကို ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက် ထွက်ပြေး လာကြတဲ့ ဒုက္ခသည်တွေနဲ့ တွေ့ဆုံ မေးမြန်းပြီး ထုတ်ပြန် ခဲ့တဲ့ လူ့ အခွင့်အရေး ဆိုင်ရာ မဟာမင်းကြီး ရုံးရဲ့ အစီအရင်ခံစာ ရှိ ထားနှင့်ပြီး သားပါ။

ဘီဘီစီ- မြန်မာ နိုင်ငံထဲထိ ဝင်ရောက် ခွင့် ရှိဖို့ မြန်မာ အစိုးရ အပေါ် ဖိအားပေးမယ်ဆိုရင် အသွင် ကူးပြောင်းရေး အပေါ် ထိခိုက် လာနိုင်တယ် ဆိုတဲ့ စိုးရိမ်မှုမျိုး အနောက်အုပ်စု နိုင်ငံတွေမှာ ရှိမနေ နိုင်ဘူး လား။

မာ့ခ် ဖာမနာ - ဖိအားပေးလို့ အသွင် ကူးပြောင်းရေးကို ထိခိုက်မှာ မဟုတ်ပါဘူး။ ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ စစ်တပ်ရဲ့ စစ်ရေး လှုပ်ရှားမှုတွေ အတွင်း ရိုဟင်ဂျာ အရပ်သားတွေ ထိခိုက် ခဲ့ရတယ် ဆိုတဲ့ အချက် အပေါ် NLD ဦးဆောင်တဲ့ အစိုးရကပါ လျစ်လျူရှု မယ် ဆိုရင်သာ အသွင် ကူးပြောင်းရေး လုပ်ငန်းစဉ်ကို ထိခိုက်မှာ ဖြစ်ပါတယ်။ နိုင်ငံတကာ အစိုးရတွေအနေနဲ့လည်း မြန်မာ့ အရေးကို ချဉ်းကပ်တဲ့ အခါ မြန်မာပြည်ထဲမှာ စီးပွားရေးလုပ်ဖို့၊ ရင်းနှီးမြှုပ်နှံဖို့ ဆိုတာတွေ အပေါ်မှာပဲ အာရုံစိုက်နေမှာကို ကျနော်တို့ စိုးရိမ်ပါတယ်။

ဘီဘီစီ - ကိုဖီအာနန် ဦးဆောင်တဲ့ အကြံပေးကော်မရှင် ရှိနေတာ ကရော ရခိုင် အရေး ပြေလည် သွားဖို့ မလုံလောက်ဘူး ဆိုပြီး ယူဆ ထားလား ။ သူဟာ ကုလ သမဂ္ဂ အတွင်းရေးမှုးချုပ်ဟောင်း၊ နိုဘယ် ငြိမ်းချမ်းရေး ဆုရှင် စတဲ့ ဂုဏ်ပုဒ်တွေနဲ့ လူအများ ယုံကြည် ကိုးစား နိုင်တဲ့ သူမျိုး မဟုတ်ဘူးလား။

မာ့ခ် ဖာမနာ - သူဦးဆောင်တဲ့ ကော်မရှင်ဟာ အချက်အလက် စုံစမ်းတဲ့၊ ရှာဖွေ ဖော်ထုတ်တဲ့ တာဝန်မျိုး မရှိဘူးလို့ ကိုဖီအာနန် ကိုယ်တိုင် ပြောထား ပြီးသားပါ။ လူ့ အခွင့်အရေး ချိုးဖောက်မှုတွေကို ဘယ်သူတွေက ကျူးလွန်တာလဲ ဆိုတာကို စုံစမ်းပိုင်ခွင့် သူ့မှာ မရှိပါဘူး။ သူတို့ဟာ အဓိက အားဖြင့် ရခိုင်မှာ ရှိတဲ့ လူ့ အဖွဲ့အစည်း နှစ်ခုကြား သဟဇာတ နေသွားနိုင်ဖို့ ဘယ်လို လုပ်မလဲ၊ ဒေသ ဖွံ့ဖြိုးရေး ဘယ်လို ဖော်ဆောင် နိုင်လဲ စတဲ့ ရေရှည် ကိစ္စရပ်တွေ အပေါ် သုံးသပ်ဖို့ပဲ ဖြစ်ပါတယ်။

ဘီဘီစီ - တကယ်လို့ နိုင်ငံတကာ အချက်အလက် ရှာဖွေရေး အဖွဲ့ ဝင်လာပြီ ဆိုရင် မြန်မာ နိုင်ငံ အတွက် ဘယ်လို အကျိုးကျေးဇူးမျိုး ရနိုင်ပါလဲ ။

မာ့ခ် ဖာမနာ - ကုလသမဂ္ဂ ကနေ စေလွှတ်မယ့် အဖွဲ့ဆိုတာ အင်မတန် ရှုပ်ထွေးတဲ့ နိုင်ငံတကာ အကျပ်အတည်း အခက်အခဲတွေကို ဖြတ်သန်း ခဲ့ကြဖူးတဲ့ ကျွမ်းကျင်သူတွေနဲ့ ဖွဲ့စည်းတာပါ။ သူတို့ရဲ့ ကျွမ်းကျင်မှုတွေကို ဒေါ်အောင်ဆန်းစုကြည်က အသုံးချ နိုင်ပါတယ်။ အချက်အလက် အစစ်အမှန် ဆိုတာကို ဖော်ထုတ် နိုင်မှလဲ ပြဿနာကို ဖြေရှင်း နိုင်မှာ ဖြစ်လို့ မြန်မာ အစိုးရော ပြည်သူတွေပါ အားလုံး အကျိုးရှိမှာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ