အလွဲသုံး ထားတဲ့ငွေတွေ ဦးဘုန်းမော်ရွှေပြန်ပေးမယ်

  • 28 ဧပြီ 2017
ဓာတ်ပုံ မူပိုင် U Nay Myo Kyaw
Image caption မကွေးတိုင်း အစိုးရ ရုံး

ယခင် မကွေးတိုင်း အစိုးရ လက်ထက်က စာရင်းမရှင်းရ သေးတဲ့ ငွေကြေး ပစ္စည်းတွေ အရေးမှာ ငွေကျပ် သန်း ၃၂၀၀ နဲ့ ပစ္စည်းတွေကို ပြန်ပေးမယ့် အကြောင်း လက်ရှိ မကွေးတိုင်း ဝန်ကြီးချုပ် ဦးအောင်မိုးညိုကို ဝန်ကြီးချုပ်ဟောင်း ဦးဘုန်းမော်ရွှေ က အကြောင်းကြားခဲ့ ပါတယ်။

ရေနံ လက်ယက်တွင်း လုပ်ငန်းရှင်တွေ ဆီက ကောက်ခံ ငွေတွေထဲက စာရင်းပျောက်နေတာက ကျပ်ငွေ သန်း ၇၄၅၉ ကျော်ရှိပြီး အဲဒီ အထဲမှာ ရွှေသုခ ငွေရေးကြေးရေး လုပ်ငန်းမှာ လည်ပတ်နေတဲ့ ငွေတွေ၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီကို ပေးထားတယ် ဆိုတဲ့ ငွေ စုစုပေါင်း ကျပ်ငွေ သန်း ၃၂၀၀ အပါအဝင် အစိုးရသစ်ကို မလွှဲအပ်ရသေးတဲ့ ကား၊ စက်လှေ အပါအဝင် ပစ္စည်းတွေကို ပြန်ပေးမယ်လို့ အကြောင်းကြားတာ ဖြစ်ကြောင်း လက်ရှိ မကွေးတိုင်း ဝန်ကြီးချုပ် ဦးအောင်မိုးညိုက ဘီဘီစီကို ပြောပါတယ်။

အဲဒီ ငွေတွေကို လာမယ့် မေလဆန်းမှာ တချို့ကို ပြန်ပေးမှာ ဖြစ်ပြီး ဇူလိုင် လကုန် မတိုင်ခင် အားလုံး အပြီး ပြန်ပေး သွားမှာဖြစ်တယ်လို့ ဆိုပါတယ်။

ငွေအလွဲသုံးစားမှု ဥပဒေအရ အရေးယူ ဆောင်ရွက်ဖို့ ကိစ္စနဲ့ ပတ်သက်လို့တော့ မကွေးတိုင်း အစိုးရ အနေနဲ့ လွှတ်တော်၊ ပြည်ထောင်စု အစိုးရ၊ ပြည်ထောင်စု ရှေ့နေချုပ်၊ တိုင်းဥပဒေချုပ် တို့နဲ့ ဆွေးနွေး တိုင်ပင်ပြီးမှ ဆုံးဖြတ် နိုင်မယ်လို့ ဦးအောင်မိုးညိုက ပြောပါတယ်။