အာဆီယံ ထိပ်သီး ညီလာခံမှာ ဘယ်အကြောင်းအရာတွေ လွှမ်းမိုးမလဲ

  • 28 ဧပြီ 2017
Image caption ဒေါ်အောင်ဆန်းစုကြည် မနီလာ မြို့တော်မှာ ရောက်နေပြီ

အကြိမ် ၃ဝ မြောက် အာဆီယံ ထိပ်သီး ညီလာခံ ဖိလစ်ပိုင် နိုင်ငံမြို့တော် မနီလာမှာ ဒီကနေ့ (ဧပြီလ ၂၈ ရက်၊ စနေနေ့) ကျင်းပ တော့မှာ ဖြစ်ပါတယ်။

မြန်မာ အစိုးရကို လက်တွေ့အရ ဦးဆောင်မှု ပေးနေတဲ့ ဒေါ်အောင်ဆန်းစုကြည် လည်း အဲဒီ ထိပ်သီးညီလာခံ တက်ဖို့ မနီလာ မြို့တော်မှာ ရောက်နေပြီ ဖြစ်ပါတယ်။

အာဆီယံ နိုင်ငံတွေ အနေနဲ့ ကိုယ့်တိုင်းသူ ပြည်သားတွေ ကြားထဲ စီးပွားရေး တန်းတူညီမျှ ဖွံ့ဖြိုးအောင် လုပ်ဖို့ သတိ ထားသင့်တယ်၊ အဲဒီလိုမှ မဟုတ်ရင် အကြမ်းဖက် ဝါဒဘက် ရောက်သွားအောင် တွန်းပို့သလို ဖြစ်သွားလိမ့်မယ် ဆိုပြီး ထိပ်သီးညီလာခံ အကြို နေ့မှာပဲ မလေရှား ဝန်ကြီးချုပ် နာဂျစ် ရာဇတ်က သတိပေး ပြောခဲ့ပါတယ်။

အိမ်ရှင် ဖိလစ်ပိုင် အပါအဝင်၊ အင်ဒိုနီးရှားနဲ့ မလေးရှားတို့မှာ IS လက်နက်ကိုင် တွေရဲ့ ခြိမ်းခြောက်မှုတွေ တိုးမြှင့် ကြုံ လာနေရတဲ့ အတွက်၊ အစ္စလာမ်မစ် အစွန်းရောက် ဝါဒ အန္တရာယ် အကြောင်းလည်း အခု ထိပ်သီး အစည်းအဝေးမှာ အဓိက ထည့်သွင်း ဆွေးနွေးလာကြဖွယ် ရှိပါတယ်။

ကိုရီးယား ကျွန်းဆွယ် တင်းမာမှုနဲ့ ပတ်သက် ပြီးတော့လည်း ပါဝင် ပတ်သက်နေတဲ့ နိုင်ငံတွေ အားလုံး အခြေအနေကို ထိန်းထိန်းသိမ်းသိမ်း ကိုင်တွယ်ကြဖို့ အာဆီယံ အဖွဲ့က တိုက်တွန်း ထားတဲ့ ကြေညာချက် တစ်စောင် ထွက်ပေါ် လာတဲ့ အတွက်၊ အခု ထိပ်သီး ဆွေးနွေးပွဲ မှာလည်း ဒီကိစ္စ လွှမ်းမိုး နေနိုင်တယ် ဆိုပြီး လေ့လာသူတွေက ဆိုပါတယ်။

ဒေါ်အောင်ဆန်းစုကြည် ကတော့ ဟိုတယ် တစ်ခုတည်း တည်းခို နေတဲ့ ဗီယက်နမ် ဝန်ကြီးချုပ်နဲ့ ညီလာခံ အကြိုနေ့မှာပဲ တွေ့ဆုံပြီး နှစ်နိုင်ငံကြား ကုန်သွယ်ရေးနဲ့ ရင်းနှီးမြှုပ်နှံမှု တွေ အပါအဝင် ဆက်ဆံရေး အဆင့် မြှင့်ကြဖို့တွေ ဆွေးနွေး ခဲ့တယ်လို့ အတိုင်ပင်ခံ ပုဂ္ဂိုလ် ရုံးကနေ သတင်း ထုတ်ပြန် ထားပါတယ်။