အပိတ်ခံရတဲ့ အစ္စလာမ် စာသင်ကျောင်းတွေနားမှာ လုံခြုံရေးချထား

  • 29 ဧပြီ 2017
ဓာတ်ပုံ မူပိုင် EPA
Image caption အမျိုးသား လှုပ်ရှားသူတွေက ဝင်ရောက် ကြည့်ရှုခွင့်ပေးဖို့ တောင်းဆိုခဲ့တာကို အာဏာပိုင်တွေက ငြင်းဆိုပြီး ဒီကျောင်းတွေကို ယာယီ ချိတ်ပိတ်ခဲ့တာဖြစ်

ဧပြီလ ၂၈ ရက်နေ့က အမျိုးသားရေး လှုပ်ရှားသူ လူအင်အား တရာလောက်ရဲ့ ဖိအားပေးမှုကြောင့် ယာယီ ချိတ်ပိတ်ခံခဲ့ရတဲ့ ရန်ကုန်တိုင်း သာကေတမြို့နယ် အနော်မာ (၁) ရပ်ကွက်မှာရှိတဲ့ အစ္စလာမ်ဘာသာ စာသင်ကျောင်း ၂ ကျောင်းနားမှာ လုံခြုံရေးတွေချထားတယ်လို့ ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ ဒုရဲမှူးကြီး ဦးမြင့်ထွေးက ဘီဘီစီကို ပြောပါတယ်။

ဒီကျောင်းတွေ ရှိတဲ့ ပတ်ဝန်းကျင်မှာ အခြေအနေ တည်ငြိမ်မှု ရှိပြီး မြို့နယ်အုပ်ချုပ်ရေးမှူးရုံးနဲ့ သာသနာရေးဝန်ကြီးဌာနက တာဝန်ရှိသူတွေ လာရောက် စစ်ဆေးမှုတွေလည်း ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

ဒီ ကျောင်း ၂ ကျောင်းမှာ ခွင့်ပြုချက်မရှိပဲ ဘာသာရေး ဝတ်ပြုလို့ ဆိုပြီး ဧပြီလ ၂၈ ရက်နေ့မှာ သံဃာတော်တွေ အပါအဝင် အမျိုးသား လှုပ်ရှားသူတွေက ဝင်ရောက် ကြည့်ရှုခွင့်ပေးဖို့ တောင်းဆိုခဲ့တာကို အာဏာပိုင်တွေက ငြင်းဆိုပြီး ဒီကျောင်းတွေကို ယာယီ ချိတ်ပိတ်ခဲ့တာ ဖြစ်ပါတယ်။

ရဲတပ်ဖွဲ့အနေနဲ့ လုံခြုံရေးကိုသာ ဆောင်ရွက်ပေးထားပြီး ဒီလို ထပ်ဖြစ်မလာဖို့ကတော့ သာသနာရေးနဲ့ အထွေထွေအုပ်ချုပ်ရေးအပိုင်းက ဆောင်ရွက်မယ်လို့ ဦးမြင့်ထွေးက ပြောပါတယ်။

အခုလို ဖြစ်ခဲ့တဲ့ ဖြစ်စဉ်မှာ ဖမ်းဆီးရလောက်တဲ့ အခြေအနေ မရှိဘူးလို့ ဦးမြင့်ထွေးက ပြောပေမယ့် အစ္စလာမ် သာသာနာရေး ကောင်စီဘက်ကတော့ ဒီလို အခြေအနေတွေ ထပ်မဖြစ်အောင် အာဏာပိုင်တွေဘက်က အရေးယူဆောင်ရွက်ပေးဖို့ လိုသလို ထပ်ပြီး ပြဿနာရှာခံရမှာကိုလည်း စိုးရိမ်ကြောင်း ဘီဘီစီကို ပြောပါတယ်။

အခုလို အစ္စလာမ် ဘာသာရေး စာသင်ကျောင်းကို ပိတ်ခိုင်းတဲ့ အမျိုးသားရေး လှုပ်ရှားသူတွေနဲ့ ဒေသခံ ရပ်ကွက် အာဏာပိုင်တွေ ဆွေးနွေးပြောဆိုခဲ့ရာမှာ သတင်းယူဖို့ ကြိုးစားတဲ့ သတင်းထောက်တွေနဲ့ အမျိုးသားရေး လှုပ်ရှားသူတွေအကြား ရုန်းရင်းဆန်ခတ်ဖြစ်ခဲ့ပြီး သတင်းထောက်တဦးလည်း ကိုယ်ထိလက်ရောက် ရိုက်နှက် ထိုးကြိတ်ခံခဲ့ရတယ်လို့ သိရပါတယ်။

အခုလို ချိတ်ပိတ်ထားတဲ့ ကျောင်း ၂ ကျောင်းကို အာဏာပိုင်တွေက ဘယ်အချိန် ပြန်ဖွင့်ခွင့် ပေးမလဲ ဆိုတာကတော့ မသိရသေးပါဘူး။

ဒီသတင်းနဲ့ပတ်သက်သမျှ