အမေရိကန် မြို့ကြီးတွေမှာ ထရမ့် ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေ ပေါ်ပေါက်

  • 30 ဧပြီ 2017
Image caption အုပ်စု အမျိုးစုံက သူတွေ ပူးပေါင်း ပါဝင်

အမေရိကန် ပြည်ထောင်စုမှာ ဒေါ်နယ် ထရမ့် သမ္မတ ရာထူး ရယူလာတာ ရက် ၁ဝဝ ပြည့် ခဲ့ပြီ ဖြစ်ပါတယ်။

ဒီ ရက် ၁ဝဝ အတောအတွင်း မစ္စတာ ထရမ့် လုပ်ဆောင် ခဲ့တာတွေကို ကြည့်ရင် ကမ္ဘာ့ ရာသီ ဥတု ပြောင်းလဲမှု ပြဿနာ အပေါ် အလေးမထားပဲ လျစ်လျူရှု ခဲ့တယ် ဆိုတဲ့ အမြင်နဲ့ ဝါရှင်တန် အပါအဝင် အမေရိကန် မြို့ကြီးတွေမှာ လူတွေ သောင်းနဲ့ချီတဲ့ ဆန္ဒပြပွဲတွေ ပြုလုပ် လာကြပါတယ်။

ဒီ ဆန္ဒပြပွဲတွေ အတွင်း လူကြီးရော၊ လူငယ်ရော၊ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးတွေရော၊ ဌာနေ အမေရိကန် မျိုးနွယ်စုတွေရော စသဖြင့် အုပ်စု အမျိုးစုံက သူတွေ ပူးပေါင်း ပါဝင် ခဲ့ကြပါတယ်။

ပြီးခဲ့တဲ့ အိုဘားမား အစိုးရလက်ထက် ကျောက်မီးသွေး အပါအဝင် လောင်စာ ထုတ်လုပ်မှု အပေါ် ကန့်သတ်ချက်တွေ ချမှတ် ထားခဲ့တာ အပါအဝင်၊ ရာသီ ဥတု ပြောင်းလဲမှုကို ထိန်းချုပ် နိုင်ဖို့ ရည်ရွယ်ချက်နဲ့ တင်းကြပ် ထားတဲ့ ဥပဒေတွေကို ရက် ၁ဝဝ သက်တမ်း အတွင်း ထရမ့်က တစ်ခုပြီးတစ်ခု ဖြေလျှော့ ခဲ့ပါတယ်။

မစ္စတာ ထရမ့်ဟာ ရာသီ ဥတု ပြောင်းလဲမှု ပြဿနာ ဆိုတဲ့ လုပ်ကြံ ဖန်တီး ထားတဲ့ ယုံတမ်း စကား သဖွယ်သာ ဖြစ်တယ်လို့ ပြောခဲ့ဖူး ပါတယ်။

သူဟာ မဲဆွယ်တဲ့ ကာလ တုန်းက တော့ ရက် ၁ဝဝ အတွင်း ဘယ်လို အောင်မြင်မှုတွေ ရယူမယ် ဆိုတာကို တက်တက်ကြွကြွ ပြောခဲ့ ပေမယ့်လည်း၊ အခု အချိန်မှာတော့ "ပထမ ရက် ၁ဝဝ" ဆိုတာ သိပ်ပြီး အရေးမကြီး လှတဲ့ ပုံစံမျိုး ပြုလုပ် နေတယ်လို့ ဝေဖန်သူတွေက ပြောနေ ပါတယ်။

မစ္စတာ ထရမ့်ဟာ အမေရိကန် သမ္မတတွေ တက်ရောက် လေ့ရှိတဲ့ အိမ်ဖြူတော် သတင်းထောက်တွေနဲ့ ညစာ စားပွဲကို မတက်ပဲ၊ ပင်ဆယ်ဗေးနီးယား ပြည်နယ်မှာ သူ့ကို ထောက်ခံသူတွေနဲ့ အတူ ရက် ၁ဝဝ ပြည့် ပွဲ နွှဲ နေပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ