အာဆီယံ ထိပ်သီး ညီလာခံ အပြီး ကြေညာချက် ထွက်ဖို့ ကြန့်ကြာ နေ

  • 30 ဧပြီ 2017
Image caption မဟာဗျူဟာမြောက် သွေးစည်း ညီညွတ် နိုင်ကြဖို့ အရေး လွှမ်းမိုး နေခဲ့

ဖိလစ်ပိုင်နိုင်ငံ မြို့တော် မနီလာမှာ အာဆီယံ နိုင်ငံတွေ ရဲ့ ထိပ်သီး ညီလာခံ ကျင်းပ ခဲ့ကြ အပြီး စနေနေ့မှာပဲ အာဆီယံ ခေါင်းဆောင်တွေရဲ့ ပူးတွဲ ကြေညာချက် တစ်စောင် ထွက်လာ လိမ့်မယ် လို့ ဖိလစ်ပိုင် နိုင်ငံခြားရေး ဌာနက ပြောထားပေမယ့် တကယ်တမ်း ထွက်လာဖို့ ကြန့်ကြာ နေပါတယ်။

ဒီလို ကြန့်ကြာ နေရတာဟာ တောင်တရုတ် ပင်လယ်ပြင် အရေးနဲ့ ပတ်သက်ပြီး တရုတ် အစိုးရ အပေါ်မှာ ဝေဖန် တောင်းဆို ထားချက်တွေ ထည့်သွင်းမလား၊ ချန်ထားမလား ဆိုတဲ့ အပေါ် အပြီးသတ် မဆုံးဖြတ် နိုင်ကြလို့ ဖြစ်တယ် ဆိုတဲ့ သတင်းတွေလည်း ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပေါ် နေပါတယ်။

ထိပ်သီး ညီလာခံမှာ ဆွေးနွေး ကြတဲ့ အကြောင်းအရာ တွေထဲ တရုတ်နဲ့ အာဆီယံ နိုင်ငံ တချို့အကြား ပိုင်ဆိုင်မှု အငြင်းပွား နေတဲ့ တောင်တရုတ် ပင်လယ်ပြင်ထဲက ကျွန်းစုတွေ အရေး၊ တခါ ကိုရီးယား ကျွန်းဆွယ်မှာ စိုးရိမ်စဖွယ် စစ်ရေး တင်းမာ နေတဲ့ ကိစ္စနဲ့ ၊ ဒေသတွင်း နိုင်ငံတွေကြား မဟာဗျူဟာမြောက် သွေးစည်း ညီညွတ် နိုင်ကြဖို့ အရေးတွေ လွှမ်းမိုး နေခဲ့တယ်လို့ သတင်းတွေက ဆိုပါတယ်။

ဒီ ထိပ်သီးညီလာခံမှာ နိုင်ငံတော်ရဲ့ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တက်ရောက် ခဲ့သလို၊ အာဆီယံ ခေါင်းဆောင်တချို့နဲ့ သီးခြားစီ တွေ့ဆုံတာတွေလည်း ပြုလုပ် ခဲ့ပါတယ်။

အင်ဒိုနီးရှား နိုင်ငံ သမ္မတ ဂျိုကို ဝီဒိုဒိုနဲ့ တွေ့ဆုံတုန်း ပြောဆို ကြတဲ့ အကြောင်းအရာ တွေထဲ ရခိုင်ပြည်နယ် အရေးလည်း ပါဝင်တယ်လို့ အတိုင်ပင်ခံ ပုဂ္ဂိုလ်ရုံးက သတင်း ထုတ်ပြန် ထားပါတယ်။