မြန်မာ အာကာသ အေဂျင်စီ ပေါ်လာဖို့ ဦးဆောင် ကော်မတီ ဖွဲ့လာ

  • 30 ဧပြီ 2017
Image caption ကိုယ်ပိုင် ဂြိုဟ်တု စံနစ် ပိုင်ဆိုင်ဖို့ ကြိုးစားလာ

မြန်မာ နိုင်ငံ အနေနဲ့ ကိုယ်ပိုင် ဂြိုဟ်တု စံနစ် ထားရှိ ပိုင်ဆိုင်ဖို့ စီစဉ် နေတယ် လို့ သက်ဆိုင်ရာ အာဏာပိုင်တွေက ပြောလာပါတယ်။

ဒီလို ဂြိုဟ်တု စံနစ် ပိုင်ဆိုင် နိုင်ရေး အတွက် ဒုတိယ သမ္မတ တစ်ယောက် ဦးဆောင်တဲ့ ကော်မတီ တစ်ရပ် ဖွဲ့လိုက်တယ် ဆိုပြီး အစိုးရ သတင်းစာမှာ ဖော်ပြထားပါတယ်။

အဲဒီ ကော်မတီဟာ နိုင်ငံတကာ ဆက်သွယ်ရေး အဖွဲ့ ITU လို အဖွဲ့မျိုးတွေ အပါအဝင် တခြား သက်ဆိုင်တဲ့ အဖွဲ့တွေနဲ့ကြား ချိတ်ဆက်ပြီး မြန်မာ အာကာသ အေဂျင်စီ ဆိုတဲ့ အဖွဲ့ တည်ထောင် နိုင်ဖို့ ပြုလုပ် သွားမယ်လို့ ဆိုပါတယ်။

ဂြိုဟ်တု စံနစ် ထားရှိရေး စီမံကိန်းကို ၂ဝ၁၈-၁၉ ဘဏ္ဍာနှစ်ထဲ အကောင်အထည် ဖော်မယ်လို့ ဆိုတဲ့ အတွက် အနည်းဆုံး ၂ နှစ် လောက် အချိန်ယူ ပြင်ဆင်မယ့် အနေအထား ဖြစ်ပါတယ်။

မြန်မာ နိုင်ငံမှာ ဘဏ်စနစ် အပါအဝင်၊ ရေနံနဲ့ သဘာဝ ဓာတ်ငွေ့ လုပ်ငန်း၊ ဓာတ်သတ္တု တူးဖော်တဲ့ လုပ်ငန်းနဲ့ ပညာရေး တို့လို ကဏ္ဍ တွေမှာ ဂြိုဟ်တုတွေကို အသုံးချ ဆက်သွယ် နေတာတွေ တိုးမြင့် လာနေပြီး၊ အဲဒီ ဂြိုဟ်တုတွေကို ငှားရမ်း သုံးစွဲ နေရတာ ဖြစ်ပါတယ်။

ကိုယ်ပိုင် ဆက်သွယ်ရေး ဂြိုဟ်တု စံနစ်သာ ရှိလာခဲ့ရင် ကုန်းပိုင်းရော၊ ရေပိုင်းပါ မကျန် ဝေးလံ ခေါင်သီတဲ့ အရပ် ဒေသတွေမှာပါ ဆက်သွယ်ရေး ဝန်ဆောင်မှု ပေးနိုင် လာမှာ ဖြစ်ပါတယ်။