အကြိမ် ၃၀ မြောက် အာဆီယံ ထိပ်သီးဆွေးနွေးပွဲ

  • 30 ဧပြီ 2017
ဓာတ်ပုံ မူပိုင် Reuters
Image caption အကြိမ် ၃၀ မြောက် အာဆီယံထိပ်သီး အစည်းအဝေး

အကြိမ် ၃၀ မြောက် အာဆီယံထိပ်သီး အစည်းအဝေးကို ဖိလစ်ပိုင်နိုင်ငံမှာ ပြုလုပ်ခဲ့ရာမှာ ဧပြီလ ၂၉ ရက်နေ့မှာတော့ အာဆီယံ ခေါင်းဆောင်တွေ တွေ့ဆုံခဲ့ကြပါတယ်။

အခု အာဆီယံထိပ်သီးဆွေးနွေးပွဲမှာ အဓိက လွှမ်းမိုးခဲ့တဲ့ အကြောင်းအရာတွေကတော့ မြောက်ကိုရီးယား နျူးကလီးယားအရေး၊ တောင်တရုတ်ပင်လယ် အတွင်း ပင်လယ်ပိုင်နက် အငြင်းပွားမှု အရေးနဲ့ အာဆီယံဒေတွင်း နိုင်ငံတွေရဲ့ စည်းလုံးညီညွတ်မှုကိစ္စတွေဖြစ်ပါတယ်။

အာဆီယံရဲ့ ဥက္ကဋ္ဌဖိလစ်ပိုင်နိုင်ငံရဲ့ သမ္မတ ဒူတာတေးက အမေရိကန် ပြည်ထောင်စုနဲ့ မြောက်ကိုရီးယားတို့အကြား တင်းမာနေတဲ့ နျူးကလီးယား ပြဿနာနဲ့ ပတ်သက်ပြီး ပြောကြားခဲ့ရာမှာ "အမေရိကန်နဲ့ မြောက်ကိုရီးယားနှစ်နိုင်ငံဟာ သူတို့မှာရှိတဲ့ ကစားစရာ အရုပ်တွေနဲ့ ဆော့နေကြတယ်။ ဒါပေမယ့် သူတို့ကစားတဲ့ အရုပ်တွေဟာ အများပြည်သူကို စိတ်ဖျော်ဖြေမှု ပေးနိုင်တဲ့ အရုပ်တွေလည်း မဟုတ်ဘူး။ ကျနော်တို့အနေနဲ့ လူတိုင်းကို သတိထားရပါလိမ့်မယ်။ ဒီပါဝါကစားသမားနှစ်ယောက်ကိုတင်မကဘဲ သူတို့ကို အကြံပေးနေတဲ့ နိုင်ငံတွေကိုပါ သတိထားရပါလိမ့်မယ်။ ဘာလို့လဲဆိုတော့ သူတို့ဟာ နျူးကလီးယားထိပ်ဖူးတွေရှိတဲ့ လူတွေမို့ပါပဲ" လို့ ပြောပါတယ်။

ဒါ့အပြင် "တကယ်တန်းခံရရင် အရှေ့တောင် အာရှနိုင်ငံတွေ အားလုံးလည်း ခံစားကြရမှာ ဖြစ်တယ်။ အရှေ့တောင်အာရှ ဆင်းရဲသားနိုင်ငံတွေက ပိုခံရလိမ့်မယ်" လို့လည်း သူက သတိပေးသွားပါတယ်။

ဒီလို အချိန်မျိုးမှာ ညီညွတ်ရေးဟာ အရေးကြီးတယ်လို့လည်း သူကဆိုပါတယ်။

"သေနင်္ဂဗျူဟာဆိုင်ရာ ပထဝီနိုင်ငံရေးဆိုင်ရာ စိမ်ခေါ်မှုတွေကို အခုလို ရင်ဆိုင်နေရတဲ့ အချိန်မျိုးမှာ အစဉ်အလာမဟုတ်တဲ့ လုံခြုံရေးပြဿနာတွေ တိုးပွားပေါ်ပေါက်နေပါတယ်။ အဲဒီအန္တရာယ်တွေကို ကျော်လွှားနိုင်ဖို့ရာအတွက် အာရှဟာ ဘက်ပေါင်းစုံက စည်းလုံးညီညွတ်နေဖို့ လိုပါတယ်"လို့ ပြောသွားတာဖြစ်ပါတယ်။

ဒီအာဆီယံထိပ်သီး အစည်းအဝေးအပြီးမှာ တရုတ်ရဲ့ ကျွန်းတုတွေကိစ္စနဲ့ တရုတ်ရဲ့ စစ်ရေးအင်အားတိုးချဲ့ထူထောင်နေတဲ့ကိစ္စတွေကို အာဆီယံထိပ်သီးတွေရဲ့ ပူးတွဲ ကြေညာချက်မှာ ဖော်ပြဖို့ ထည့်သွင်းထားတယ်လို့ ရိုက်တာသတင်းဌာနက ရေးသားခဲ့ပါတယ်။ သူတို့ဟာ ကြေညာချက်မူကြမ်းကိုတွေ့ခဲ့ရတယ်လို့ဆိုပါတယ်။

ဒါပေမယ့် တရုတ်သံအမတ်က အဲဒီအချက်တွေကို ဖယ်ရှားပေးဖို့ စည်းရုံးပြောဆိုနေတယ်လို့လည်း ရိုက်တာသတင်းမှာ ဖော်ပြခဲ့ပါတယ်။

အခုအာဆီယံထိပ်သီးအစည်းအဝေးပြီးရင် စနေနေ့မှာ ပူးတွဲကြေညာချက် ထုတ်ပြန်မယ်လို့လည်း ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ပြောရေးဆိုခွင့်ရှိပုဂ္ဂိုလ်က ကြိုတင်ပြောဆိုခဲ့ပါတယ်။

ဒါပေမယ့် မနေ့က စနေနေ့မှာ ပူးတွဲကြေညာချက် ထွက်ပေါ်မလာခဲ့ပါဘူး။ တရုတ်နဲ့ ပတ်သက်ပြီး အာဆီယံထိပ်သီးခေါင်းဆောင်တွေအကြားမှာ သဘောတူညီမှုရခဲ့ကြပုံ မပေါ်ဘူးလို့လည်း နိုင်ငံတကာသတင်းစာတွေမှာ ရေးသားကြပါတယ်။

ဒီအာဆီယံ အစည်းအဝေးကို ကန့်ကွက်ဆန္ဒပြသူတွေလည်း ရှိခဲ့ကြပါတယ်။

အာဆီယံထိပ်သီးခေါင်းဆောင်တွေဟာ အာဆီယံနိုင်ငံတွေမှာ ရင်ဆိုင်နေကြရတဲ့ ဆင်းရဲမွဲတေမှုကျယ်ပြန့်တိုးပွားလာတဲ့ အကြောင်းကို မဆွေးနွေးကြပဲ စီးပွားရေး လုပ်ငန်းကြီးတွေ အတွက် နိုင်ငံပေါင်းစုံကော်ပိုရေးရှင်းကြီးတွေ အတွက်ပဲ ဆွေးနွေးနေကြတယ်ဆိုပြီး ကန့်ကွက်ဆန္ဒပြကြတာဖြစ်ပါတယ်။