ဦးဘုန်းမော်ရွှေက အစိုးရထံ ယာဉ်တွေ စတင် အပ်နှံ

  • 30 ဧပြီ 2017
ဓာတ်ပုံ မူပိုင် Getty Images
Image caption သိန်းပေါင်း သောင်းနဲ့ချီတဲ့ အလွဲသုံးစားမှုကြီး

မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ်တာဝန်ထမ်းဆောင်ခဲ့စဉ်က အလွဲသုံးစားမှုရှိခဲ့တယ်လို့ စွပ်စွဲခံထားရတဲ့ ဦးဘုန်းမော်ရွှေဟာ ဧပြီလ ၂၉ ရက်နေ့က မော်တော်ယာဉ် ၅ စီးကို မကွေးအစိုးရထံ စတင် အပ်နှံခဲ့ပါတယ်။

အရင်အစိုးရလက်ထက်တုန်းက ဦးဘုန်းမော်ရွှေဟာ ဒေသဖွံ့ဖြိုးရေး ရံပုံငွေအဖြစ် ကျပ် သိန်းပေါင်း ၇ သောင်းကျော် အလွဲသုံးခဲ့တယ်ဆိုပြီး စွပ်စွဲခံရပြီးနောက် စသုံးလုံးကလည်း စစ်ဆေးတွေ့ရှိခဲ့ပါတယ်။

ဒါကြောင့် ဦးဘုန်းမော်ရွှေက ပြန်လည်အပ်နှံမယ်လို့ ကတိပေးခဲ့ကြောင်း လက်ရှိ မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုက ဘီဘီစီကို ပြောပါတယ်။

လောလောဆယ် ယာဉ်ငါးစီးအပြင် မော်တော်ဘုတ်တွေလည်း အပ်နှံဖို့ ရှိတယ်လို့ သူက ပြောပါတယ်။

မေလ ပထမပတ်မှာ ကျပ် သိန်း ၅၀၀၀ အပ်ဖို့ ရှိတဲ့အပြင် သန်း ၃ ထောင်ကျော်နဲ့ ကျန်တဲ့ငွေတွေကိုလည်း ဇူလိုင်လ နောက်ဆုံးပတ်မတိုင်ခင် ပြန်အပ်နှံဖို့ ရှိတယ်လို့ ဒေါက်တာ အောင်မိုးညိုက ပြောပါတယ်။

နောက်ကြောင်းပြန် အရေးမယူရေးဆိုတဲ့ ပြည်ထောင်စုအစိုးရရဲ့ မူနဲ့ အညီ တိုင်းဒေသကြီးအစိုးရအနေနဲ့ လုပ်ဆောင်နေကြောင်းလည်း သူက ပြောပါတယ်။

စသုံးလုံးရဲ့ တွေ့ရှိချက်အရ ဦးဘုန်းမော်ရွှေကနေ ကြံ့ခိုင်ရေးပါတီကို ပေးလိုက်တဲ့ ငွေက သန်းပေါင်း ၁၇၀၀ ရှိတယ်လို့ ဦးအောင်မိုးညိုက ပြောပါတယ်။

ဦးဘုန်းမော်ရွှေဟာ ကြံ့ခိုင်ရေးပါတီက ဖြစ်ပေမယ့် ဒီကိစ္စနဲ့ပတ်သက်လို့ ကြံ့ခိုင်ရေးပါတီအပေါ် ဂုဏ်သိက္ခာညှိုးနွမ်းအောင် နဲ့ နိုင်ငံရေးအရ အမြတ်ထုတ်ဆောင်ရွက်ရင် ဥပဒေကြောင်းနဲ့ အညီအရေးယူမယ်လို့လည်း ကြံ့ခိုင်ရေးပါတီဘက်ကလည်း သဘောထားထုတ်ပြန်ထားပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ