အလုပ်သမားနေ့ အခမ်းအနားတွေ မြန်မာနိုင်ငံတဝန်း ကျင်းပ

  • 1 မေ 2017
Image caption မဲဆောက်မြို့မှာ အလုပ်သမားနေ့ အခမ်းအနား ကျင်းပ

အစိုးရ ဦးဆောင်ပြီး ရန်ကုန်မြို့ MCC မှာ ကျင်းပတဲ့ အလုပ်သမားနေ့ အခမ်းအနားကို အလုပ်သမား လူဝင်မှု ကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အား ဦးစီးဌာန ပြည်ထောင်စု ဝန်ကြီးနဲ့ ရန်ကုန်တိုင်း ဝန်ကြီးချုပ်တို့ တက်ရောက်ခဲ့ပါတယ်။

အစိုးရက ကြီးမှူးကျင်းပတဲ့ အလုပ်သမားနေ့ အခမ်းအနားကို နိုင်ငံတော် သမ္မတက သဝဏ်လွှာ ပေးပို့ခဲ့ပြီး အဲဒီသဝဏ်လွှာထဲမှာ အလုပ်သမား အဖွဲ့အစည်းတွေ ဖွဲ့စည်းစေတာဟာ နိုင်ငံရေးနဲ့ ပုဂ္ဂိုလ်ရေး အမြတ်ထုတ်ဖို့ မဟုတ်ဘူးလို့ ဖော်ပြထားပါတယ်။

အလုပ်သမားတွေရဲ့ အခွင့်အရေး ရပိုင်ခွင့်တွေအတွက် ဥပဒေအသစ် ရေးဆွဲတာ ပြင်ဆင်တာမျိုးတွေ လုပ်နေကြောင်း ပြည်ထောင်စုဝန်ကြီးက အခမ်းအနားမှာ ပြောခဲ့ပါတယ်။

အလုပ်သမား သမဂ္ဂတွေ ဦးဆောင်ကျင်းပတဲ့ အခမ်းအနားမှာတော့ အလုပ်သမား အခွင့်အရေးတွေနဲ့ ပတ်သက်လို့ တောင်းဆိုတာတွေ ရှိခဲ့ပါတယ်။

ပြည်တွင်းမှာ မြန်မာနိုင်ငံ အလုပ်သမား သမဂ္ဂများအဖွဲ့ချုပ် (MTUF) နဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမား သမဂ္ဂများအဖွဲ့ချုပ် (CTUM) ဆိုပြီး တရားဝင် မှတ်ပုံတင်ထားတဲ့ အလုပ်သမားသမဂ္ဂ အဖွဲ့ချုပ် ၂ခုပဲ ရှိပြီး မှတ်ပုံတင် မထားတဲ့ သမဂ္ဂတွေကတော့ ရာနဲ့ချီ ရှိပါတယ်။

ဒီကနေ့ အလုပ်သမားနေ့မှာတော့ အထက်ဗမာပြည်၊ အောက်ဗမာပြည်မှာရှိတဲ့ အလုပ်သမားသမဂ္ဂ တွေ ပါတဲ့ ဗမာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂ အဖွဲ့ချုပ် ဖွဲ့စည်းခဲ့ပါတယ်။

လက်ရှိ အလုပ်သမား အခွင့်အရေးတွေနဲ့ ပတ်သက်လို့ တောင်းဆိုမှုတွေ လုပ်မယ် ဆိုပြီး ဗမာနိုင်ငံလုံး ဆိုင်ရာ အလုပ်သမားသမဂ္ဂ အဖွဲ့ချုပ်ရဲ့ ဦးဆောင် စည်းရုံးရေးမှူးက ဘီဘီစီကို ပြောပါတယ်။

မဲဆောက်မြို့မှာ ရောင်ခြည်ဦး အဖွဲ့က အလုပ်သမား အရေး ဆောင်ရွက်တဲ့ အဖွဲ့တွေ ဦးဆောင် ကျင်းပတဲ့ မေးဒေးနေ့ အခမ်းအနားမှာတော့ သားဆက်ခြားရေး ဆိုင်ရာ အကြံပေးတာတွေ၊ သောက်ဆေးကတ်တွေနဲ့ ကွန်ဒုံတွေကို အခမဲ့ ဝေပေးခဲ့ပြီး HIV / AIDS ရှိမရှိ မိမိဆန္ဒအရ သွေးစစ်လိုသူတွေကို အခမဲ့ သွေးစစ်ပေးနေတာ တွေ့ရပါတယ်။

အလုပ်သမား အခွင့်အရေး ပညာပေး ပိုစတာတွေ၊ လက်စွဲစာအုပ်တွေနဲ့ စာစောင်တွေကို ဝေပေးတာတွေ၊ ပညာပေးဆွေနွေးတာတွေလည်းရှိပါတယ်။

အလုပ်သမားအရေး ဆောင်ရွက်တဲ့ အဖွဲ့တွေရဲ့ စာရင်းအရ မဲဆောက်နဲ့ အနီးပတ်ဝန်းကျင်မှာ မြန်မာ ရွှေ့ပြောင်း အလုပ်သမား ၃ သိန်းလောက် ရှိပြီး အခု နှစ်ပိုင်းမှာ ပြဿနာ သိပ်ကြီးကြီးမားမား မတွေ့ရပါဘူး။

ဒါပေမဲ့၊ ထိုင်းနိုင်ငံ အတွင်းပိုင်းက တချို့နေရာတွေမှာ၊ အလုပ်ရှင်၊ အလုပ်သမား ပြဿနာတွေ ရှိသလို တချို့ MoU နှစ်နိုင်ငံ သဘောတူညီချက်နဲ့ ထိုင်းကို ရောက်တော့ မူလသဘောတူထားတဲ့အလုပ် မဟုတ်တာကြောင့် အလုပ်သမားတွေ ပြန်သွားကြတာမျိုးတွေ၊ တချို့ လုပ်ငန်းခွင်တွေမှာ ညှင်းပန်းခံရတာ၊ အသတ်ခံ ရတာမျိုးတွေ ရှိပါတယ်။

အခု ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးက အလုပ်သမား သံအရာရှိတွေနဲ့ မြန်မာ အလုပ်သမားအရေး ဆောင်ရွက်တဲ့ အဖွဲ့တွေက ထိုင်းရှေ့နေများ ကောင်စီနဲ့ ပူးပေါင်း ဆောင်ရွက်မှုတွေ ရှိလာတာကြောင့်လည်း အခက်အခဲ၊ ပြဿနာ အတော်များများကို အမြန် ဖြေရှင်းနိုင်တာမျိုး ရှိသလို တချို့နှစ်နဲ့ချီ ကြာနေပေမယ့် မဖြေရှင်းနိုင်သေးတဲ့ ကိစ္စတွေလည်း ရှိနေတာကို တွေ့ရပါတယ်။