ဒေါ်အောင်ဆန်းစုကြည် ဥရောပ သုံးနိုင်ငံသို့ခရီးထွက်

  • 1 မေ 2017
ဓာတ်ပုံ မူပိုင် State Counsellor of Myanmar
Image caption ဒေါ်အောင်ဆန်းစုကြည် ဥရောပ ခရီးထွက်ခွာ

နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်တဲ့ မြန်မာ ကိုယ်စားလှယ်အဖွဲ့ဟာ ဥရောပ သုံးနိုင်ငံ တရားဝင် ခရီးအစအဖြစ် ဘယ်လ်ဂျီယံ နိုင်ငံ ဘရပ်ဆဲလ်မြို့ကို ရောက်ရှိပြီး ဘယ်လ်ဂျီယံ ဘုရင်နဲ့ ဝန်ကြီးချုပ်တို့နဲ့ တွေ့ဆုံခဲ့ပါတယ်။

နောက်နေ့မှာ အီးယူ ဥရော ပကော်မရှင်ဥက္ကဌနဲ့ တွေ့ဆုံပြီး ပူးပေါင်း ဆောင်ရွက်မှုတိုးတက်ရေး အတွက်ဆွေးနွေး ကြမှာဖြစ်ပါတယ်။ အဲဒီနောက် အီတလီနဲ့ ယူကေနိုင်ငံတို့ကို ခရီးဆက်မှာ ဖြစ်ပါတယ်။

အခုလိုခရီးစဉ် စတင်နေစဉ်မှာပဲ မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေး အခြေအနေကို လေ့လာတဲ့အဖွဲ့ စေလွှတ်ရေး အီးယူက ဖိအားပေးဖို့ လူ့အခွင့်အရေး လှုပ်ရှားသူတွေက တောင်းဆိုမှုတွေ ရှိနေပါတယ်။

ဒါ့အပြင် အီးယူ မြန်မာ ရင်းနှီးမြှုပ်နှံမှု အကာအကွယ် ပေးရေး သဘောတူ စာချုပ်ပါ အချက်တွေကို အရပ်ဘက် အဖွဲ့အစည်းများက စုပေါင်း ကန့်ကွက် နေကြပါတယ်။

အဓိကအားဖြင့် ဒီစာချုပ်မှာ ကုမ္ပဏီတွေရဲ့ အခွင့်အရေးကို ကာကွယ်ဖို့ အစိုးရက တာဝန် ယူရမှာဖြစ်ပြီး တရားတဘောင် ဖြစ်ရင် ရင်းနှီးမြှုပ်နှံ သူတွေကသာ တဘက်သတ် တရားစွဲနိုင်လို့ မျှတမှု မရှိတဲ့အပေါ် ကန့်ကွက်တာလို့ ဒို့မြေကွန်ရက်မှ ကိုစည်သူက ဘီဘီစီကို ပြောပါတယ်။

ဒီလိုမမျှတ တာတွေကို ဥရောပခရီးစဉ်း အတွင်းမှာ ဘယ်လောက် ဆွေးနွေး ညှိနှိုင်းနိုင်မလဲလို့ မေးရာမှာတော့ ဒေါ်အောင်ဆန်းစုကြည်ကို ယုံကြည်မှု ရှိပေမယ့် တနိုင်ငံလုံး ကိစ္စတွေကို တယောက်ထဲက လွှမ်းခြုံနိုင်တာ မရှိသလို ၂၀၀၈ ဖွဲ့စည်းပုံ ဘောင်ထဲကသာ လှုပ်ရှား နေရတယ်လို့ ကိုစည်သူ ကပြောပါတယ်။

ဒါ့အပြင် လူ့အခွင့်အရေး ပြဿနာ တွေရှိနေတဲ့နိုင်ငံတွေနဲ့ အီးယူက ရင်းနှီးမြှုပ်နှံမှု ကာကွယ်တဲ့ စာချုပ်မျိုး လုပ်လေ့ မရှိတဲ့အတွက် မြန်မာနိုင်ငံ အခြေအနေ ရှုတ်ထွေး နေချိန်မျိုးမှာ ဒီလိုစာချုပ်မျိုးကို လက်မခံ နိုင်ကြောင်း ပြောသွားပါတယ်။