စစ်ဘေးရှောင်တွေကို နေရပ် အတင်းပြန်ပို့လို့ အခက်အခဲတွေရင်ဆိုင်ရ

  • 1 မေ 2017
ဓာတ်ပုံ မူပိုင် Narinjara
Image caption အာဏာပိုင်တွေက အတင်း ပြောင်းရွှေ့ခိုင်းခဲ့တယ်လို့ ကျေးရွာ လူကြီး တစ်ဦးဖြစ်သူ ဦးလှမောင်သိန်းက ပြော

ရခိုင် တပ်မတော် အေအေ လက်နက်ကိုင် အဖွဲ့နဲ့ မြန်မာ့ တပ်မတော် အကြား တိုက်ပွဲ ဖြစ်ပွားနေလို့ ထွက်ပြေးလာကြတဲ့ ရခိုင်ပြည်နယ် ပုဏ္ဍားကျွန်းမြို့နယ် ကျောက်ဆည် တောင်ရွာက အိမ်ထောင်စု ၄၁ စု လူဦးရေ ၂၁၃ ဦးကို အာဏာပိုင်တွေက နယ်မြေ တည်ငြိမ်သွားတဲ့ အတွက် အနေရပ် ပြောင်းခိုင်းတဲ့ အတွက် ဘာအစီအစဉ်မှ မရှိဘဲ ပြောင်းလာခဲ့ရာမှာ အခုအခါ စားဝတ်နေရေး အခက်အခဲတွေနဲ့ ရင်ဆိုင် နေကြရ တယ်လို့ သိရပါတယ်။

ဒီစစ်ပြေးရှောင် ကျေးရွာသားတွေဟာ တိုက်ပွဲတွေကြောင့် သူတို့နေထိုင်တဲ့ ကျောက်ဆည်တောင်ရွာကို စွန့်ခွာပြီး ကျောက်တော်မြို့နယ် ငစရိုင်းကိုင်း ကျေးရွာမှာ ၂၀၁၆ ခုနှစ် မေလ ၁ ရက်နေ့မှာ ထွက်ပြေးခိုလှုံ ခဲ့ကြတာ ဖြစ်ပါတယ်။

သူတို့ အဲသလို နေထိုင်ပြီး တစ်နှစ် နီးပါးခန့်အကြာမှာတော့ သူတို့ကို နေထိုင်ခွင့် မရှိဘူး ဆိုကာ အာဏာပိုင်တွေက အတင်း ပြောင်းရွှေ့ခိုင်းခဲ့တယ်လို့ ကျေးရွာ လူကြီး တစ်ဦးဖြစ်သူ ဦးလှမောင်သိန်းက ပြောပါတယ်။

အမှန်တကယ်အားဖြင့် သူတို့ကို နေရပ်ရင်းကို ပြန် ပြောင်းရွှေ့ခိုင်းမယ်ဆိုရင်လဲ သူတို့အတွက် လတ်တလော စားသောက်နိုင်မယ့် လုံလောက်တဲ့ ရိက္ခာ တွေ၊ အိုးအိမ်တွေ စနစ်တကျ ပြင်ဆင်ပြီးမှ ပြောင်းရွှေ့ခိုင်းသင့်တယ်လို့ သူက ပြောပါတယ်။

ဒီလို အခက်အခဲ ဖြစ်နေတဲ့ အတွက် သူတို့ကျေးရွာနဲ့ သက်ဆိုင်တဲ့ ပုဏ္ဍားကျွန်းမြို့နယ် အုပ်ချုပ်ရေးမှူးကတော့ ကျောက်ဆည် ရွာ က လူတွေ အတင်း နေရပ် ပြန်ခိုင်း တဲ့ ကိစ္စ နဲ့ ပတ်သက်လို့ ဘာ သတင်း အချက်အလက်မှ မရရှိ ဘူးလို့ ပြောပါတယ်။

ချင်းပြည်နယ် ပလက်၀မြို့နယ် က စစ်ပြေးရှောင် မိသားစု ၆၂ စု၊ လူဦးရေ ၃၅၀ ကို သူတို့ နေထိုင်ရာ ပြိုင်စော် ကျေးရွာကို ဧပြီလ ၂၀ ရက်နေ့က ပြန်လည် ပြောင်းရွှေ့ ပေးခဲ့ရာမှာ ချင်းပြည်နယ် အစိုးရက မိသားစု တစ်စုကို ကျပ် ၃၅ သိန်း အိမ်တစ် လုံးနဲ့ စားဝတ်နေရေး အဆင်ပြေစေရန် ကျပ် ၃ သိန်းစီ ထောက်ပံ့ပေးခဲ့တယ်လို့ သိရှိရ ပါတယ်။