ကျောက်စိမ်းတုံးကြီး တွေ့တဲ့ ကျောက်သမားတွေ ထွက်ပြေးနေ

  • 2 မေ 2017
ဓာတ်ပုံ မူပိုင် MOI FB
Image caption ရေမဆေးကျောက်သမားတွေ တွေ့ခဲ့တဲ့ ကျောက်စိမ်းတုံးကြီး

ကချင်ပြည်နယ် ဖားကန့်က ကျောက်စိမ်း လုပ်ကွက်မှာ ၈ တန်ကျော် ကျောက်စိမ်း တုံးကြီးကို တွေ့ရှိ တူးယူခဲ့ကြတဲ့ ရေမဆေးကျောက် ရှာသူတွေ အမှုဖွင့် ခံထားရ တဲ့ အတွက် ထွက်ပြေး တိမ်းရှောင် နေကြ ပါတယ်။

ဧပြီ ၂၆ ရက် မနက်က ဖားကန့်မြို့နယ် လုံးခင်း ကျေးရွာအုပ်စု ဆန်ခါရွာ အနီး တောက်ပကြယ် ကုမ္ပဏီပိုင် လုပ်ကွက် ထဲကို ရေမဆေးကျောက် ရှာသူတွေ ဝင်ရှာရာမှာ ၈ တန်ကျော် ရှိတဲ့ ကျောက်စိမ်းတုံးကြီးကို ကျောက်သမား ငါးယောက်က စတွေ့ခဲ့ပြီး ကျန်တဲ့ သောင်းနဲ့ချီတဲ့ ကျောက်သမား တွေနဲ့အတူ တူးယူ သယ်ဆောင်ခဲ့ကြပါတယ်။

တွေ့ရှိတဲ့ ကျောက်ကြီးကို ကုမ္ပဏီက ပြန်တောင်းတဲ့ အတွက် အချင်း များပြီး ဒေသခံ လွှတ်တော် အမတ်တွေနဲ့ အာဏာပိုင်တွေ ညှိနှိုင်းမှု အရ ရေမဆေးကျောက် ရှာသူတွေကို ကုမ္ပဏီဘက်က သိန်း ၁၅၀၀ ပေးပြီး ပြေလည် သွားခဲ့တာ ဖြစ်ပါတယ်။

ဒါပေမဲ့ အဲဒီကျောက်ကြီးကို မြစ်ကြီးနားကို သယ်သွားပြီးနောက်မှာ ရေမဆေးကျောက် သမားတွေက ဝင်ရောက် တူးဖော်ခွင့် မရှိဘဲ အင်အားသုံး ခြိမ်းခြောက် ယူတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ လုံးခင်း ကျောက်မျက်ဌာန လက်ထောက်ညွန်ကြားရေးမှူးက ဧပြီ ၃၀ ရက်နေ့က အမှုဖွင့်ခဲ့ ပါတယ်။

ရေမဆေး ကျောက်သမား ငါးယောက်ဟာ ကြိုတင် ပြင်ဆင်ပြီး ကျူးလွန်တဲ့ ခိုးမှု ဆိုင်ရာ ရာဇသတ်ကြီး ပုဒ်မ ၃၈၂ နဲ့ အမှုဖွင့် ခံထား ရကြောင်း လုံးခင်းရဲစခန်းက ဘီဘီစီကို ပြောပါတယ်။

ကျောက်သမားတွေ ရှိတဲ့နေရာကို စုံစမ်းဆဲမို့ သူတို့ကို ခေါ်ယူ စစ်ဆေးလို့ မရသေးဘူးလို့ ရဲစခန်းက ပြောပါတယ်။

အဲဒီ ပုဒ်မက ပြစ်မှုမြောက်ရင် ထောင်ဒဏ် ၁၀နှစ် သို့မဟုတ် ငွေဒဏ် ပေးနိုင်တဲ့ ပုဒ်မ ဖြစ်လို့ ကျောက်စိမ်း တုံးကြီး စတွေ့ခဲ့တဲ့ ရေမဆေးကျောက် သမားတွေက အဖမ်းခံရမှာ ကြောက်ပြီး ထွက်ပြေးတိမ်းရှောင် နေကြတယ်လို့ ဒေသခံ အလွတ်သတင်းထောက် ကိုဇော်မိုးထက်က ပြောပါတယ်။

အခုတွေ့ထားတဲ့ကျောက်စိမ်းတုံးကြီးကို မြစ်ကြီးနား သယ်သွားပြီး နေပြည်တော်ကို ဆက်ပို့မယ်လို့ သိရပါတယ်။

ဖားကန့်ဒေသမှာ ရေမဆေးကျောက် ရှာသူတွေကို ကုမ္ပဏီက အချိန်ပိုင်းကန့်သတ်ပြီး လုပ်ကွက်တွေထဲ ရှာခွင့်ပေးတာတွေရှိတာကြောင့် ဒီလိုပြဿနာတွေ ပေါ်တာ ဖြစ်တယ်လို့ကျောက်စိမ်း ရောင်းဝယ်သူတွေက ပြောကြ ပါတယ်။

အခုရတဲ့ ကျောက်စိမ်းတုံးကြီးကို တန်ဖိုး မဖြတ်ရသေးဘဲ နိုင်ငံတော်နဲ့ တောက်ပကြယ် ကုမ္ပဏီ တို့ကြား သဘောတူစာချုပ်အရ ခွဲဝေ ယူရမှာဖြစ် ပါတယ်။