အစိုးရတပ်မတော်နဲ့ TNLA တိုက်ပွဲပြင်းထန်

  • 2 မေ 2017
ဓာတ်ပုံ မူပိုင် TNLA
Image caption TNLA တအာင်းအမျိုးသားလွတ်မြောက်ရေး တပ်မတော်

နမ့်ခမ်းမြို့နယ် ကောင်းခေ ကျေးရွာနဲ့ ပန်စံကျေးရွာကြားမှာ အစိုးရတပ်မတော်နဲ့ TNLA တအာင်းအမျိုးသားလွတ်မြောက်ရေး တပ်မတော်တို့ မေလ ၂ ရက်နေ့က တိုက်ပွဲပြင်းပြင်းထန်ထန် ဖြစ်ပွားခဲ့ပါတယ်။

တိုက်ပွဲဖြစ်ပွားတဲ့နေရာဟာ နမ့်ခမ်းမြို့ကနေ ၅ မိုင် ၊ ၆ မိုင်လောက် အကွာမှာ ရှိတယ်လို့ မြို့ခံ စိုင်းလျမ်ခမ်းက ပြောပါတယ်။

မနက် ၉ နာရီခွဲလောက်ကစပြီး လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်သံတွေကို အဆက်မပြတ်ကြားနေရတယ်လို့ နမ့်ခမ်းမြို့ခံ စိုင်းလျမ်ခမ်းက ဘီဘီစီကို ပြောပါတယ်။

လက်နက်ကြီးနဲ့ တိုက်ခိုက်တာ အလုံး ၂၀၊ ၃၀ လောက်ရှိတယ်လို့လည်း ဆိုပါတယ်။

ညနေပိုင်း ၃ နာရီ ၁၅ မိနစ်လောက်မှာ အစိုးရတပ်ဖက်က ရဟတ်ယာဉ်နှစ်စီး ရောက်လာပြီး ကူညီပစ်ခတ်ခဲ့ပါတယ်။ ညနေပိုင်း ၃ နာရီ ၄၅ မိနစ်လောက်အထိ နာရီဝက်လောက်ကြာအောင် ရဟတ်ယာဉ်နဲ့ ပစ်ခတ်သွားရာမှာ ကောင်းခေ၊ နမ့်ဟွမ်၊ ပန်စံရွာတွေအပေါ်မှာ ပစ်ခတ်ခဲ့တယ်လို့လည်း မြောက်ပိုင်း မဟာမိတ် အဖွဲ့က ဆိုပါတယ်။

ရဟတ်ယာဉ်တွေ လှည့်ပြန်သွားပြီးနောက်မှာတော့ လက်နက်ငယ်၊ လက်နက်ကြီးနဲ့ ပစ်ခတ်သံတွေ အားလုံးရပ်စဲသွားတယ်လို့ ဆိုပါတယ်။

တအာင်းအမျိုးသားလွတ်မြောက်ရေး တပ်မတော်နဲ့ တိုက်ပွဲဖြစ်ပွားခဲ့တဲ့ အစိုးရတပ်တွေဟာ တပ်ရင်း ၅၇၁ ၊ တပ်မ ၈၈ တို့ဖြစ်ကြပါတယ်။

မြောက်ပိုင်း မဟာမိတ် အဖွဲ့ရဲ့ သတင်းဝက်ဘ်ဆိုက် စာမျက်နှာမှာတော့ အစိုးရစစ်တပ်က လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်မှုကြောင့် နမ့်ဟွမ်ကျေးရွာက ဒေါ်အမ်းလို့ခေါ်တဲ့ အသက် ၈၀ အရွယ် အဖွားအို လက်နက်ကြီးထိမှန် သေဆုံးခဲ့တယ်လို့ ဆိုပြီး ကျည်ဖောက်ဝင်ခဲ့တဲ့ နံရံ၊ သေဆုံးသူရဲ့ ရုပ်အလောင်းနဲ့ ဒဏ်ရာတို့ကို ဓာတ်ပုံနဲ့ ဖော်ပြခဲ့ပါတယ်။

ဧပြီလ ၂၉ ရက်နေ့ကစတင်ပြီး အစိုးရတပ်မတော်နဲ့ TNLA တအာင်းအမျိုးသားလွတ်မြောက်ရေး တပ်မတော်တို့ တိုက်ပွဲပြန်လည် ဖြစ်ပွားလာခဲ့တာဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ