ဒေါ်အောင်ဆန်းစုကြည် ရောမမြို့ကို ရောက်ရှိ

  • 3 မေ 2017
ဓာတ်ပုံ မူပိုင် AFP
Image caption ဘရပ်ဆဲလ်မြို့မှာ ဥရောပသမဂ္ဂ ထိပ်တန်းခေါင်းဆောင်တွေနဲ့ ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံအပြီး ပူးတွဲ သတင်းစာရှင်းလင်းပွဲ လုပ်ခဲ့

ဥရောပ ၃နိုင်ငံ ခရီးထွက်ခွာလာတဲ့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ ရောမမြို့ကို နှစ်ရက်ကြာ ခရီးစဉ်အဖြစ် ရောက်ရှိနေပြီ ဖြစ်ပြီး မေလ ၃ရက် နေ့လည်နှောင်းပိုင်းမှာ အီတလီနိုင်ငံခြားရေး ဝန်ကြီး Angelino Alfanoနဲ့ တွေ့ဆုံဖို့ ရှိပါတယ်။

ဒါ့အပြင် အီတလီ အစိုးရ ထိပ်တန်းအရာရှိတွေနဲ့ရော ဝန်ကြီးဟောင်းတွေနဲ့ပါ တွေ့ဆုံဖို့ ရှိတယ်လို့ သိရပါတယ်။

အီတလီအစိုးရဟာ မြန်မာနိုင်ငံကို ကျန်းမာရေး၊ ပညာရေးပိုင်းဆိုင်ရာ အကူအညီတွေအပြင် ရှေးဟောင်း အဆောက်အအုံတွေ ပြန်လည် မွမ်းမံ ပြင်ဆင်ရေး အပိုင်းမှာ တာဝန်ယူ အကူအညီပေးဖို့ အစီအစဉ်တွေ ရှိနေပါတယ်။

အီတလီ မြန်မာနိုင်ငံအကြား အဆက်အသွယ် ရှိနေတဲ့အထဲမှာ အီတလီ မြန်မာ အသင်းအနေနဲ့လည်း နှစ်နိုင်ငံ ယဉ်ကျေးမှု ဖလှယ်ရေး၊ အတတ်ပညာပိုင်း ဆိုင်ရာ သင်တန်းများ လက်တွေ့ ပို့ချပေးမှုတွေ ပြုလုပ်နေပါတယ်။

မေလ ၂ရက်နေ့က ဘယ်လ်ဂျီယမ်နိုင်ငံ ဘရပ်ဆဲလ်မြို့တော်မှာ ဥရောပ သမဂ္ဂ အရာရှိတွေနဲ့ တွေ့ဆုံအပြီး ပူးတွဲ သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ခဲ့ရာမှာ ဒေါ်အောင်ဆန်း စုကြည်က အီးယူနဲ့ မြန်မာ ဆက်ဆံရေးကို နှစ်ဖက် စလုံးက တန်ဖိုးထားပြီး အပြန်အလှန် ယုံကြည် နားလည်မှု ရှိကြောင်း ဒေါ်အောင်ဆန်း စုကြည်က ပြောခဲ့သလို အီးယူဖက်ကလည်း ငွေကြေးနဲ့ နည်းပညာ အထောက်အကူတွေ ပံ့ပိုး သွားမယ့်အကြောင်း ပြောခဲ့ပါတယ်။

မေလ ၄ရက်နေ့မှာတော့ ဒေါ်အောင်ဆန်းစုကြည်ဟာ ပုပ်ရဟန်းမင်းကြီး ဖရန်စစ်နဲ့ ဗာတီကန် နန်းတော်မှာ တွေ့ဆုံဖို့ ရှိပါတယ်။