ကျောက်ဖြူ ပိုက်လိုင်းကနေ ယူနန်ကို ရေနံတွေ စပို့ နေပြီ

  • 3 မေ 2017
Image caption မဒေးကျွန်း ဆိပ်ကမ်း

မြန်မာ-တရုတ် သွယ်တန်း ထားတဲ့ ရေနံပိုက်လိုင်း ထဲကို ရေနံစိမ်းတွေ စတင် ထည့်နေပြီလို့ တရုတ် အစိုးရပိုင် ရေနံ လုပ်ငန်း CNPC က ပြောပါတယ်။

ဒီ ရေနံစိမ်းတွေကို တရုတ် ကုန်းတွင်းပိတ် ပြည်နယ်တစ်ခု ဖြစ်တဲ့ ယူနန်မှာ ရှိတဲ့ ရေနံချက် စက်ရုံ အသစ်ဆီ ပေးပို့ မှာ ဖြစ်ပြီး၊ အဲဒီ စက်ရုံက တစ်ရက်ကို ရေနံစည် နှစ်သိန်း ခြောက်သောင်း အထိ ထုတ်လုပ် နိုင်ပါတယ်။

မိုင် ၄၈ဝ ရှည်လျားတဲ့ မြန်မာ-တရုတ် ရေနံပိုက်လိုင်းထဲ ပြီးခဲ့တဲ့ အင်္ဂါ နေ့က စလို့ တစ်နာရီကို ၁၁၅ဝ ကုဗမီတာ ပမာဏ နှုန်းနဲ့ ရေနံစိမ်းတွေ စီးဆင်း နေပြီလို့ CNPC ရဲ့ ထုတ်ပြန်ချက်ထဲ ဖော်ပြ ထားပါတယ်။

တရုတ် နိုင်ငံ အနေနဲ့ ပြည်ပက ဝယ်ယူထားတဲ့ ရေနံစိမ်းတွေကို ရခိုင်ပြည်နယ် ကျောက်ဖြူမှာ စတင် ထားရှိတဲ့ ရေနံပိုက်လိုင်း ကနေ အဲဒီ ယူနန် ရေနံချက် စက်ရုံ ရှိရာဆီ တင်ပို့မှာ ဖြစ်ပါတယ်။

ရေနံပိုက်လိုင်းထဲကို ထည့်ဖို့ ရေနံစိမ်း တန်ပေါင်း တစ်သိန်း လေးသောင်းကို သယ်ဆောင် လာတဲ့ ရေနံတင် သင်္ဘောကြီး လွန်ခဲ့တဲ့ တစ်လ ကတည်းက ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်၊ မဒေးကျွန်း ဆိပ်ကမ်းကို ရောက်လာခဲ့ပြီး ရေနံတွေ ချပေး ခဲ့ပါတယ်။

ဒီလို ကျောက်ဖြူ ဆိပ်ကမ်းကို အသုံးပြုခွင့် ရသလို၊ မြန်မာ-တရုတ်ကြား ရေနံပိုက်လိုင်း သွယ်တန်းခွင့် ရထားတဲ့ အတွက် တရုတ် အနေနဲ့ သူတို့ရဲ့ ရေနံတင် သင်္ဘောတွေကို မလက္ကာ ရေလက်ကြားနဲ့ တောင်တရုတ် ပင်လယ်ပြင်တို့ကို တကွေ့တပတ် သွားစရာ မလိုတော့တဲ့ အကျိုး ကျေးဇူး ရလာစေပါတယ်။