အခြေခံဥပဒေဖျက်သိမ်းရေး အစိုးရကို တရားစွဲမယ်

  • 3 မေ 2017
Image caption ၂၀၀၈ ဖွဲ့စည်းပုံ အတည်ပြုစဉ်က လွဲမှားတဲ့ လူဦးရေ အရေအတွက်ကို အခြေခံခဲ့တယ်လို့ဆို

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ဖျက်သိမ်း ပေးဖို့ ၁၉၉၀ လွှတ်တော် ကိုယ်စားလှယ်များ အဖွဲ့MPU၊ ညီညွတ်သော အမျိုးသား ဒီမိုကရေစီ အဖွဲ့UNDO အပါအဝင် အဖွဲ့ အစည်း လေးဖွဲ့ စုစည်းပြီး နိုင်ငံတော် အစိုးရကို တရားစွဲဆိုဖို့ ပြင်ဆင် နေပါတယ်။

၂၀၀၈ ဖွဲ့စည်းပုံ ဥပဒေ ရေးဆွဲ အတည်ပြုခဲ့ချိန်က အခြေခံခဲ့တဲ့ အချက် လွဲမှား ခဲ့တဲ့ အတွက် အဲဒီ အချက်ကို ထောက်ပြ တရားစွဲဆိုမှာ ဖြစ်ကြောင်း တရားစွဲဆို နိုင်ဖို့ ကူညီ ဆောင်ရွက်သူတွေ ထဲက တစ်ယောက်ဖြစ်တဲ့ ၁၉၉၀ လွှတ်တော် ကိုယ်စားလှယ်များ အဖွဲ့က ဦးနိုင်းနိုင်းက ပြောပါတယ်။

ဥပဒေ တစ်ရပ်ကို ပြုခဲ့ချိန်က လွဲမှားတဲ့ အချက်အလက်ပေါ် အခြေခံပြီး လုပ်ဆောင်ခဲ့တယ် ဆိုရင် ဥပဒေပြုသူ တွေနဲ့ ခံယူတဲ့ ပြည်သူတွေ ကြားမှာ ထားရှိတဲ့ ပဋိဉာဉ် ပျက်ပြယ်တယ် ဆိုတာ မြန်မာ နိုင်ငံမှာရော နိုင်ငံတကာ ဥပဒေတွေမှာပါ ရှိတယ်လို့ သူက ပြောပါတယ်။

၂၀၀၈ ဖွဲ့စည်းပုံ ဥပဒေ အတည်ပြုကြောင်း ကြေညာခဲ့စဉ်က နိုင်ငံ လူဦးရေ အရေအတွက်နဲ့ ၂၀၁၄ ခုနှစ် ကုလသမဂ္ဂ လူဦးရေဆိုင်ရာ အဖွဲ့နဲ့ ပူးတွဲ ထုတ်ပြန်တဲ့ လူဦးရေစာရင်း ကွာခြား နေတယ်လို့ ဦးနိုင်းနိုင်းက ပြောပါတယ်။

၆ နှစ်ကာလမှာ လူဦးရေ တိုးပွား လာရမယ့် အစား ၅၇ သန်း ကနေ ၅၁ သန်း အထိ သန်းနဲ့ချီ လျော့ကျ သွားတယ်လို့ သူက ဆိုပါတယ်။

ဒီလို လွဲမှားတဲ့ လူဦးရေ အရေအတွက်ကို အခြေခံခဲ့တာကြောင့် အဲဒီ အခြေခံ ဥပဒေ ပျက်ပြယ် ကြောင်း အစိုးရ အနေနဲ့ ဆောင်ရွက် ပေးဖို့ တင်ပြတာဖြစ်တယ်၊ ဒါကို တရားစွဲတယ်လို့ ယျေဘုယျ ခေါ်ဆိုတာ ဖြစ်တယ်လို့ ဦးနိုင်းနိုင်းက ပြောပါတယ်။

ဥပဒေ လုပ်ထုံး လုပ်နည်း အရ တရားမစွဲခင်မှာ သတိပေး အကြောင်းကြားရတဲ့ အတွက် နိုင်ငံတော် အစိုးရကို ပြီးခဲ့တဲ့ မတ်လ ၁ ရက်နေ့ကပဲ အကြောင်းကြားစာ ပေးပို့လိုက်ပြီ ဖြစ်ပြီး ဇူလိုင်လမှာ တရားစွဲမယ့်သူ ၁၅ ယောက်က နေပြည်တော်က ခရိုင် တရားရုံး တစ်ခုမှာ သွားရောက် တရားစွဲ မယ်လို့ ဆိုပါတယ်။

အစိုးရ အနေနဲ့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပျက်ပြယ်ကြောင်း ပြောရင်ပြော ဒါမှ မဟုတ်ရင် တရားစွဲဆို ထားတဲ့ ကိစ္စ တရားရုံးမှာ ဖြေရှင်းရလိမ့်မယ်လို့ ဦးနိုင်းနိုင်းက ပြောပါတယ်။