မြန်မာနဲ့ ဗာတီကန် သံတမန်ဆက်ဆံရေးထူထောင်

  • 4 မေ 2017
ဓာတ်ပုံ မူပိုင် Reuters
Image caption ဒေါ်အောင်ဆန်းစုကြည်နဲ့ ပုပ်ရဟန်းမင်းကြီး ဖရန်စစ်

ဥရောပ ခရီးစဉ်အဖြစ်နဲ့ ဗာတီကန်ကို ရောက်နေတဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ ပုပ်ရဟန်းမင်းကြီးနဲ့ သီးသန့် တွေ့ဆုံခဲ့ပါတယ်။ အဲသလို တွေ့ဆုံပြီးနောက် မြန်မာနဲ့ ဗာတီကန်အကြား တရားဝင်သံတမန်ဆက်ဆံရေးကို အပြည့်အဝ နဲ့ အပြန်အလှန်ထူထောင်ထားရှိဖို့ သဘောတူခဲ့ကြပါတယ်။

အခုလို သဘောတူနိုင်ခဲ့တာဟာ ဘယ်လောက် ထူးခြားလေးနက်ပါသလဲ။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခရီးစဉ်မှာ အတူတကွ လိုက်ပါခဲ့တဲ့ မြန်မာအီတလီ ချစ်ကြည်ရေး အသင်းရဲ့ ဥက္ကဋ္ဌ ကာလို ဖာရီကို ဆက်သွယ်ပြီး သူတို့ ဘာတွေ ဆွေးနွေးခဲ့ကြပါသလဲလို့ ဘီဘီစီက မေးမြန်းထားပါတယ်။

ကာလို ဖာရီ

အခုဟာက သူတို့နှစ်ယောက်တည်း သီးသန့်ဆွေးနွေးပွဲပါ။ ဒါပေမယ့် မြန်မာပြည်မှာ ရှိတဲ့ ခရစ်ယာန်ဘုရားကျောင်းတွေရဲ့ အခန်းကဏ္ဍအကြောင်း ကို ဆွေးနွေးမယ်ဆိုတာတော့ သေချာပါတယ်။ ခရစ်ယာန်တွေဟာ မြန်မာပြည်မှာ အရေ အတွက် တော်တော်နည်းတဲ့ လူနည်းစုပါ။ ဒါပေမယ့် တခြား လူနည်းစုဘာသာတွေ တခြား လူနည်းစု တိုင်းရင်းသားတွေနဲ့ ပြောဆို ဆွေးနွေးရာမှာ တက်တက်ကြွကြွ ပါဝင် ဆွေးနွေးကြသူတွေ ဖြစ်ပါတယ်။ မြန်မာနိုင်ငံအတွက် အရေးကြီးတဲ့ အကြောင်းအရာ တခုကတော့ ဘာသာပေါင်းစုံ လူမျိုးပေါင်းစုံအကြားမှာ ငြိမ်းငြိမ်းချမ်းချမ်းရှိဖို့ပါ။ ဒီတော့ ဒီအကြောင်းဟာ ပုပ် ရဟန်းမင်းကြီး အလေးအနက်ထားတဲ့ အကြောင်း အရာတခုပါ။

ဘီဘီစီ

မြန်မာနိုင်ငံနဲ့ အာရှဒေသကရော ဗာတီကန် အတွက် ပုပ်ရဟန်းမင်းကြီး အတွက် ဘယ်လောက် အရေးကြီးပါသလဲ။

ကာလို ဖာရီ

မြန်မာနိုင်ငံက ချားလ်စ်မောင်ဘို ကာဒီနယ် ဂိုဏ်းချုပ် ဆရာတော်ကြီးအဖြစ် ခန့်အပ်လိုက်တာကိုကြည့်ရင် ပုပ်အနေနဲ့ မြန်မာနိုင်ငံကို ဘယ်လောက် အလေးအနက် ထားတယ်ဆိုတာသိသာပါတယ်။ ဒါ့အပြင် မြန်မာတင်မက အာရှ ပစိဖိတ်ဒေသကိုပါ အလေးအနက်ထားတာထင်ရှားပါတယ်။ အာရှပစိဖိတ်ဒေသမှာ ခရစ်ယာန်နဲ့ လူနည်းစု ဘာသာရေးကိုးကွယ်သူတွေ အများအပြားရှိတဲ့ အတွက် အရေးကြီးတဲ့ ဒေသဖြစ်ပါတယ်။ အခု မြန်မာနဲ့ ဗာတီကန် သံတမန် ဆက်ဆံရေး ထူထောင်လိုက်တာဟာလည်း ဒီဒေသနဲ့ ပတ်သက်ပြီး ပုပ်ရဟန်းမင်း အနေနဲ့ ဘယ်လောက်တောင် စိတ်အားထက်မှု ရှိတယ်ဆိုတာကို ပေါ်လွင်စေပါတယ်။

ဘီဘီစီ

အခုလို အပြန်အလှန် သံတမန် ဆက်ဆံရေး ထူထောင်လိုက်ခြင်းအားဖြင့် နှစ်ဉီးနှစ်ဘက်မှာ ဘယ်လို အကျိုးကျေးဇူးတွေများ ရရှိနိုင်မယ် ထင်ပါသလဲ။

ကာလို ဖာရီ

ဒါဟာ ခရစ်ယာန် ဘုရားရှိခိုးကျောင်းတွေ အတွက် ခြေတလှမ်းတိုးတက်လှမ်းလိုက်နိုင်တာဖြစ်ပါတယ်။ အခုလို သံတမန် ဆက်ဆံရေး ထူထောင်လိုက်နိုင်တာဟာ ဘာသာရေး ဘက်သာ မက နိုင်ငံရေးဘက်မှာပါ နှစ်ဘက်စလုံးအတွက် အကျိုးရှိပါတယ်။ အခုဆိုရင် တိုက်ရိုက် သံတမန် ဆက်သွယ်ရေး လမ်းကြောင်း ရှိသွားပြီဖြစ်ပါတယ်။ ပုပ်ရဟန်းမင်းကြီးရဲ့ သံရုံးဟာ ဘာသာပေါင်းစုံဆွေးနွေးပြောဆိုတာတွေကို အကူအညီပေးနိုင်သလို လူနည်းစုတိုင်းရင်းသားတွေနဲ့ ငြိမ်းချမ်းရေး အတွက်လည်း အထောက်အကူ ပြုနိုင်ပါလိမ့်မယ်။

တိုင်းရင်းသားလူနည်းစုပြဿနာ လူနည်းစု ဘာသာရေး ပြဿနာတွေ အတွက် ရေရှည် အဖြေတခုရဖို့ လိုပါတယ်။ အဲသလို ရေရှည်တည်တံ့မယ့် အဖြေရဖို့ အတွက် တိုင်းရင်းသားဒေသတွေရဲ့ ဖွံ့ဖြိုးတိုးတက်မှုတွေ ရှိဖို့လည်း အရေးကြီးပါတယ်။ ဒါမျိုးတွေအတွက်လည်း ကူညီဆောင်ရွက်ပေးနိုင်လိမ့်မယ်လို့ ကျနော် ထင်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ