အပူချိန် စံချိန်တင်အောင် တက်နိုင်

  • 4 မေ 2017
ဓာတ်ပုံ မူပိုင် HEIN HTET
Image caption နွေရာသီ ရေရှားပါးမှုနဲ့ ကြုံတွေ့

မေလ ၄ ရက်နဲ့ ၅ ရက်နေ့ တွေမှာ မြန်မာပြည် အလယ်ပိုင်း ဒေသတွေမှာပါ မက ရန်ကုန်တိုင်းနဲ့ ပဲခူးတိုင်းထဲက တချို့နေရာတွေ မှာပါ အပူချိန်ဟာ ၄၅ ဒီဂရီ စင်တီဂရိတ် အထိ ရှိနေတယ် ဆိုပြီး အစိုးရက ထုတ်ပြန်ထားပါတယ်။

အခုလို မုတ်သုံရာသီ အကြို ကာလ တွေမှာ တကယ် ဖြစ်နေတဲ့ အပူချိန်ထက်ကို ပိုပြီး လူတွေ ခံစားရလေ့ ရှိတဲ့အတွက် ဂရုတစိုက် နေထိုင်ကြဖို့ ကျွမ်းကျင်သူ ပညာရှင်တွေကလည်း သတိပေးနေပါတယ်။ အခု မေလ အတွင်း မကွေးနဲ့ မန္တလေးတိုင်းထဲက တချို့ ဒေသတွေမှာ အပူချိန်ဟာ ၄၅ ဒီဂရီ စင်တီ ဂရိတ် ပတ်ဝန်းကျင် အထိ မြင့်တက် လေ့ ရှိပါတယ်။

ဒီနှစ်မှာ အပူချိန်ဟာ စံချိန်တင် မြင့်တက်မှာမျိုးကို စိုးရိမ် ရတာ မဟုတ်ပေမယ့် အခုလို မုတ်သုံ မိုးကြို ကာလ တွေ့ကြုံရတဲ့ သဘာဝ ဖြစ်စဉ် တခု ဖြစ်တဲ့ လေထုထဲ ရေငွေ့ ပါဝင်နှုန်း မြင့်မား လာတဲ့ အခြေအနေက လူတွေကို ရှိရင်းစွဲ တကယ့် အပူချိန်ထက်ပိုပြီး ခံစား ရစေတယ်လို့ မိုးလေဝသ ပညာရှင် ဒေါက်တာ ထွန်းလွင်က ပြောပါတယ်။

ဒေါက်တာ ထွန်းလွင်က Heat Index တိုးမြင့်လာရင် လူတွေ ပိုပြီး အပူဒဏ် ခံစား ရနိုင်တဲ့ အကြောင်း ပြောတာပါ။

အခု ရက်ပိုင်းတွေထဲ မိုးရွာတာ နည်းပြီး တိမ်ဖြစ်ထွန်းမှုလည်း ကျဆင်း နေတဲ့ အတွက် Heat Index တိုးလာ နိုင်တယ်လို့လည်း ဒေါက်တာ ထွန်းလွင်က ဆိုပါတယ်။

ကမ္ဘာ့ ကျန်းမာရေး အဖွဲ့ WHO ရဲ့ သတ်မှတ် ချက် အရတော့ အပူချိန်ဟာ အနည်းဆုံး ၂၉ ဒီဂရီ စင်တီဂရိတ် အထက်ကို ရောက်သွားပြီး လေထဲမှာ ရေငွေ့ပါနှုန်း တနည်းအားဖြင့် လေထု စိုထိုင်းဆ ၄ဝ % ကျော်ပြီ ဆိုရင် လူတွေ သတိထားရမယ့် အခြေအနေ ဖြစ်တယ်လို့ ဆိုပါတယ်။

လူတွေဟာ အဲဒီလို လေအပူအချိန်နဲ့ ရေငွေ့အပူချိန် နှစ်ရပ်ပေါင်းတဲ့ ဒဏ်ကို ခံရနိုင်တဲ့ အခြေအနေဟာ မိုးဝင် မလာမချင်း မေလ အကုန်ထိ ဖြစ်နေ နိုင်တယ်လို့ ဒေါက်တာ ထွန်းလွင်က သုံးသပ် ထားပါတယ်။

ဒီလို အပူဒဏ် ခံရတဲ့ အခါ အပူဒဏ်ကြောင့် အသက် ဆုံးရှုံး နိုင်တဲ့ အထိ အန္တရာယ် ရှိနိုင်တယ် ဆိုပြီး ကျန်းမာရေး ပညာပေးတွေ ရေးသားတဲ့ ဒေါက်တာ မြင့်ဦးက ပြောပါတယ်။

ဒါကြောင့် အပူဒဏ် မြင့်နေချိန်မှာ အသက် ၅ နှစ်အောက် ကလေးတွေနဲ့ အသက် ၆ဝ အထက် အရွယ်တွေ အထူး ဂရုစိုက် သင့်သလို သွေးတိုး၊ နှလုံးနဲ့ ဆီးချိုတို့လို ရောဂါ အခံ ရှိတဲ့အတွက် ဆေးဝါး သောက်သုံး နေရသူတွေ အနေနဲ့လည်း ပိုပြီး ဂရုတစိုက် နေသင့်တယ်လို့ ဒေါက်တာ မြင့်ဦးက သတိပေးပါတယ်။

နေ့ခင်း အေးမြတဲ့ အရိပ်အာဝါသအောက် နေတာမျိုးနဲ့ ရေကို ပုံမှန်ထက် ပိုသောက်ဖို့ အကြံပြု ထားသလို မဖြစ်မနေ နေပူထဲ ထွက်ရမယ် ဆိုရင်လည်း ထီး၊ ဖိနပ်တို့လို အကာအကွယ် ဆောင်းပြီးမှ ထွက်ဖို့လည်း တိုက်တွန်း ထားပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ