အိုဘားမားကဲ ကျန်းမာရေး စောင့်ရှောက်မှုကို အောက်လွှတ်တော်ပယ်ဖျက်

  • 5 မေ 2017
ဓာတ်ပုံ မူပိုင် Getty Images
Image caption မဲခွဲအနိုင်ရတဲ့ ရီပတ်ဘလစ်ကန် အမတ်များ

အိုဘားမားကဲလို့ လူသိများတဲ့ ၂၀၁၀ Affordable care act လက်အောက်မှာ အမေရိကန်သန်း၂၀ကျော်ကျန်းမာရေး အတွက်အာမခံ ရရှိခဲ့ကြပါတယ်။ ဒါပေမယ့် အိုဘားမားကဲဟာ ဗဟိုအစိုးရအတွက် လက်လှမ်းမမီနိုင်ပဲ လူနာတွေမှာ ရွေးစရာသိပ်မရှိတဲ့အပြင် ပရီမီယံ အာမခံကြေး တွေများတယ်လို့ ရီပတ်ဘလစ်ကန်တွေ ဘက်ကမြင်ပါတယ်။ အခုပထမအဆင့် အောက်လွှတ်တော်မှာ ဒီဥပဒေကို အစားထိုးပြင်ဆင်ဖို့ မဲခွဲအနိုင်ရတာကို ဆန္ဒပြမှုတွေ ရှိနေပါတယ်။

ဒီမိုကရက်ပါတီ အထက်လွှတ်တော်အမတ် Bernie Sanders က လူ၂၄သန်းရဲ့ ကျန်းမာရေး အာမခံကို ပယ်ဖျက်လို့ သမ္မတထရမ့်အနေနဲ့ အလုပ်သမား လူတန်းစားတွေအတွက် မရပ်တည်ဘူး အသက်ကြီးတဲ့ အလုပ်သမားတွေ အတွက်လည်း အာမခံကြေး တိုးလာသလို မိသားစုစီမံကိန်းနဲ့ Medicaid ကိုလည်းဒေါ်လာ ဘီလျံ၈၀၀လောက် လျှော့ပစ်တယ်။ ဒါဟာ အခြေခံလူတန်းစားကို စစ်ကြေညာလိုက်တာလို့ဝေဖန်သွားပါတယ်။

ဒီဥပဒေ ကြမ်းထဲမှာ အလုပ်သမား၅၀အထက် ကုပ္မဏီတွေကဝန်ထမ်းတွေ အတွက်အာမခံ ထားပေးရမယ်ဆိုတဲ့ အချက်ကိုပယ်ဖျက်သလို အသက်ကြီးတဲ့ လူတွေကို အာမခံ လုပ်ငန်းတွေက ငွေ၅ဆ ပိုယူနိုင်တယ်ဆိုတဲ့ အချက်တွေ ထည့်ထားပါတယ်။

မိဘရဲ့အာမခံထဲမှာ ငယ်ရွယ်သူတွေ အသက်၂၆နှစ် အထိခံစား နိုင်တယ်ဆိုတဲ့ လူကြိုက်များတဲ့ အချက်ကိုတော့ ဆက်ကျင့်သုံးပါတယ်။ နောက်ပြီး ပြည်နယ်တွေမှာ လိုအပ်ရင် ကျန်းမာရေး အားနည်းသူတွေကို စောင့်ရှောက်မှု ပေးနိုင်တယ်ဆိုတဲ့ အချက်လည်း ထည့်ထားပါတယ်။

နောက်တဆင့်အနေနဲ့ အထက်လွှတ်တော်မှာ အတည်ပြုချက် ရယူရမှာ ဖြစ်ပါတယ်။ အထက်လွှတ်တော်မှာ ရီပတ်ဘလစ်ကန် ဘက်က အများစု၄မဲပဲ အသာရနိုင်ပြီး ဒီဥပဒေကြမ်းကို ပြောင်းချင်တဲ့ အမတ်တွေလည်း ရှိနေပါတယ်။ ဒါကြောင့်အခု တိုက်ပွဲအဆင့် နိုင်သွားပေမယ့် ရှေ့မှာဒီထက် ကြီးတဲ့စ စ်ပွဲနဲ့ရင်ဆိုင်ရဦးမယ်လို့ ဝါရှင်တန်ရှိ ဘီဘီစီ သတင်းထောက်Gary O Donoghue ကသုံးသပ် သွားပါတယ်။