အပစ်ရပ်လက်မှတ်ထိုးထားတဲ့ ဒေသတွေမှာ မိုင်းရှင်းမယ်

  • 5 မေ 2017
ဓာတ်ပုံ မူပိုင် MNA (the Global New Light of Myanmar)
Image caption တနိုင်လုံး အပစ်ရပ်စာချုပ် NCA ပါ အချက်အတိုင်း ကရင်ပြည်နယ်မှာ မိုင်းရှင်းလင်းရာမှာ ကေအန်န်ယူနဲ့ ပူးတွဲ ရှင်းလင်းမယ်

ပြည်ထောင်စုအဆင့် ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ (JMC-U)ရဲ့ (၃)ရက်ကြာ အစည်းအဝေးအပြီးမှာ အပစ်ရပ် သဘောတူထားထားတဲ့ ဒေသတွေအတွင်း မိုင်းရှင်းလင်းရေး လုပ်ငန်းတွေ စလုပ်ဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။

မိုင်းရှင်းလင်းရေး လုပ်ငန်းတွေကို တပ်မတော်နဲ့ အပစ်ရပ် သဘောတူထားတဲ့ တိုင်းရင်းသားအဖွဲ့တွေ ပူးတွဲ ဆောင်ရွက်ရာမှာ နည်းပညာနဲ့ အထောက်အကူပစ္စည်းအပိုင်းကိုပဲ ပြည်ပအကူအညီ လက်ခံမှာ ဖြစ်ပြီး ကရင်ပြည်နယ်မှာ စတင် ရှင်းလင်းသွားမှာ ဖြစ်တယ်လို့ (JMC-U) အတွင်းရေးမှူး-၂ ဗိုလ်မှူးကြီး ဝဏ္ဏအောင်က ဘီဘီစီကို ပြောပါတယ်။

အခုလို တနိုင်လုံး အပစ်ရပ်စာချုပ် NCA ပါ အချက်အတိုင်း ကရင်ပြည်နယ်မှာ မိုင်းရှင်းလင်းရာမှာ ကေအန်န်ယူနဲ့ အစိုးရပူးတွဲ ရှင်းလင်းမှာဖြစ်ပြီး လက်နက်ကိုင်တွေရဲ့ တပ်စခန်းမှာ လုပ်မှာ မဟုတ်ပဲ ဒေသခံပြည်သူတွေ သွားလာနေထိုင်တဲ့ နေရာမှာ စတင်ရှင်းလင်းမှာ ဖြစ်တယ်လို့ သူက ပြောပါတယ်။

အခုလို မိုင်းရှင်းလင်းရေး လုပ်ငန်းတွေကို ကျန်တဲ့ အပစ်ရပ် သဘောတူထားတဲ့ ဒေသတွေမှာလည်း ဆက်လက် လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံဟာ ကမ္ဘာပေါ်မှာ မြေမြှုပ်မိုင်းကြောင့် ထိခိုက် သေဆုံးသူ အများဆုံး ရှိတဲ့ စာရင်းဝင်တဲ့ နိုင်ငံလည်း ဖြစ်ပါတယ်။

ဒီအစည်းအဝေးမှာ လုံခြုံရေးဆိုင်ရာ လုပ်ထုံးလုပ်နည်းတွေ သတ်မှတ်ဖို့အပါအဝင် တိုင်းနဲ့ ပြည်နယ်အဆင့် အပစ်ရပ် စောင့်ကြည့်ရေး ကော်မတီတွေ ဖွဲ့ဖို့ကိုလည်း ဆုံးဖြတ်ခဲ့ကြပါတယ်။

ပဋိပက္ခတွေ ဖြစ်ပွားနိုင်တဲ့ ဒေသတွေ ဖြစ်တဲ့ ရှမ်းပြည်နယ်က လင်းခေးဒေသ၊ ကရင်ပြည်နယ်က ဖာပွန်ဒေသနဲ့ ပဲခူးတိုင်းက ဘောဂလိ ဒေသတွေမှာတော့ တိုင်းနဲ့ ပြည်နယ် အဆင့် ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲ စောင့်ကြည့်ရေး ကော်မတီတွေ ဖွဲ့စည်းဖို့ လျာထားချက် ရှိပြီး အသေးစိတ်ကိုတော့ တိုင်းနဲ့ ပြည်နယ်အဆင့် ကော်မတီတွေက ဆက်လက် ဆွေးနွေး ဆုံးဖြတ်မှာ ဖြစ်တယ်လို့ ဗိုလ်မှူးကြီး ဝဏ္ဏအောင်က ဘီဘီစီကို ပြောပါတယ်။

အခုလို ကျင်းပပြီးစီးခဲ့တဲ့ (JMC-U) အစည်းအဝေးမှာ အပစ်ရပ် လက်မှတ်ထိုးထားတဲ့ တိုင်းရင်းသားအဖွဲ့တွေနဲ့ တပ်မတော်အကြား ပဋိပက္ခတွေ ထပ်မဖြစ်ဖို့အတွက် တပ်နေရာ ချထားရေး ကိစ္စတွေ အပြင် ပူးတွဲ နယ်လှည့် စောင့်ကြည့်ရေးအဖွဲ့ အပါအဝင် တိုင်းနဲ့ ပြည်နယ်ဆင့် ကော်မတီရုံးတွေနဲ့ ပတ်သက်တဲ့ လုံခြုံရေးဆိုင်ရာ လုပ်ထုံးလုပ်နည်းတွေနဲ့ ပတ်သက်ပြီးတော့လည်း ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ