ဗြိတိန် တော်ဝင် မိသားစုဝင် တွေနဲ့ ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံ

  • 5 မေ 2017
ဓာတ်ပုံ မူပိုင် AFP
Image caption ဗြိတိသျှ အောက်လွှတ်တော် ဥက္ကဋ္ဌ ဂျွန်ဘားကိုး၊ ဗြိတိသျှ နိုင်ငံခြားရေးဝန်ကြီး ဘောရစ်ဂျွန်ဆင်တို့နဲ့လည်း တွေ့ဆုံဖို့ ရှိ

ဗြိတိန်နိုင်ငံ လန်ဒန်မြို့ကို ရောက်ရှိနေတဲ့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ သောကြာနေ့မှာ ဘုရင်မကြီး အယ်လစ်ဇဘက်နဲ့ နေ့လည်စာ စားခဲ့ပြီး မြေးဖြစ်သူ ကိန်းဘရစ်ချ်မြို့စား မင်းသား ဝီလီလျံလည်း တက်ရောက်ခဲ့ပါတယ်။

အစောပိုင်းကလည်း ဒေါ်အောင်ဆန်းစုကြည်ဟာ ဝေလမင်းသား ချားစ်နဲ့ ဇနီး ကင်မလာတို့နဲ့ ကလဲယန့်ဟောက်စ်မှာ တွေ့ဆုံခဲ့ပါတယ်။

ချားစ်မင်းသားဟာ မြန်မာကျောင်းသားတွေအတွက် ပညာသင်ထောက်ပံကူညီမှုတွေ လုပ်နေတဲ့ ပရောစပက် ဘားမား အသင်းရဲ့ နာယကဖြစ်ပါတယ်။

ညနေပိုင်းမှာတော့ ယူကေ နိုင်ငံခြားရေး ဝန်ကြီး ဘောရစ် ဂျွန်ဆင်နဲ့လည်း တွေ့ဆုံခဲ့ပြီး ဝန်ကြီး ဂျွန်ဆင် တည်ခင်းတဲ့ ညစာစားပွဲ ရှိခဲ့ပါတယ်။

ယူကေမှာ ရှိနေစဉ် ဒေါ်အောင်ဆန်းစုကြည်ဟာ အောက်လွှတ်တော် ဥက္ကဌ ဂျွန်ဘားကိုးနဲ့ တွေ့ဆုံဖို့ ရှိနေသလို၊ လန်ဒန်မြို့တော်က ပေးအပ်မယ့် Freedom of the City ဆုကိုလည်း လက်ခံ ရယူမှာ ဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ သူရဲ့ ဥရောပခရီးစဉ်အတွင်း အီတလီကနေ လန်ဒန်ကို ကြာသပတေးနေ့ ညနေက ဆိုက်ရောက်လာပြီး အရင်တခါ တည်းခဲ့တဲ့ ဒေါ်ချက်စတာ ဟိုတယ်မှာ တည်းခိုနေတာ ဖြစ်ပါတယ်။

ဗုဒ္ဓဟူးနေ့ကလည်း အီတလီနိုင်ငံ ရောမမြို့မှာ ပုပ်ရဟန်းမင်းကြီး ဖရန်စစ်နဲ့ ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံခဲ့သလို မြန်မာနဲ့ ဗာတီကန် ၂ နိုင်ငံကြား သံတမန်ဆက်သွယ်မှုတွေကိုလည်း စတင်ခဲ့ပါတယ်။

အဲဒီနောက်ပိုင်းမှာ အီတလီ ဝန်ကြီးချုပ် ပေါင်လို ဂျန်တီလိုနီ နဲ့ တွေ့ဆုံခဲ့ပြီး ရွှေ့ပြောင်းသွားလာမှုနဲ့ လိင်အရတန်းတူမှု၊ အမျိုးသမီးများကဏ္ဍနဲ့ ဖွံ့ဖြိုးရေး ဆိုင်ရာ အမတ်များ ညီလာခံမှာလည်း တက်ရောက် မိန့်ခွန်းပြောခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ