ပဲခူးမှာ မျက်နှာဖုံးစွပ် လူစု တိုက်ခိုက်လို့ ၁ ဦးသေ

  • 5 မေ 2017
ဓာတ်ပုံ မူပိုင် Chit Min Thu
Image caption မေလ ၄ ရက် ညက လိပ်ပြာကန်မှာ ထိုင်နေသူတွေကို လူတစု တိုက်ခိုက်ခဲ့

မေလ ၄ ရက်နေ့ ကြာသပတေးည ၁၁ နာရီလောက်က ပဲခူးမြို့ လိပ်ပြာကန်မှာ လူငယ်တစု ထိုင်နေတုန်းမှာ မျက်နှာဖုံးစွပ် လူတစုက ရုတ်တရက် ဆိုင်ကယ်တွေနဲ့ ရောက်လာပြီး တိုက်ခိုက် ခဲ့လို့ တစ်ယောက် သေဆုံးခဲ့ပါတယ်။

အလုပ်ပြီးချိန် လိပ်ပြာကန်ဘက်မှာ သွားထိုင် ကြတဲ့ ဓါတ်ဆီဆိုင် ဝန်ထမ်းတွေနဲ့ တခြားလူငယ် တွေကို ဆိုင်ကယ်စီးလာတဲ့ မျက်နှာဖုံး စွပ်ထား သူတွေက တုတ်နဲ့ရိုက်၊ ဓါးနဲ့ထိုး၊ ကျင်စက်နဲ့တို့ ပြီး တိုက်ခိုက် ခဲ့ကြ တယ်လို့ တိုက်ခိုက် ခံရသူ တွေကို ဆေးရုံမှာ သွားကြည့်ပြီး ရဲစခန်းမှာ သွားရောက် မေးမြန်း စုံစမ်း ထားတဲ့ ပဲခူးမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ ဒေါ်ရွှေပုံက ဘီဘီစီကို ပြောပါတယ်။

တိုက်ခိုက် ခံရသူ ခြောက်ယောက်ကို ဆေးရုံ ပို့လိုက်ပြီးနောက် ဓါးထိုးခံရတဲ့ နှစ်ယောက်ထဲက တစ်ယောက် ဖြစ်တဲ့ ဖြိုးကိုဝင်း ဆိုသူဟာ ရခဲ့တဲ့ ဒဏ်ရာကြောင့် သောကြာနေ့ မနက်က ကွယ်လွန် သွားခဲ့တယ်လို့ သူက ပြောပါတယ်။

လောလောဆယ် သုံးယောက်ပဲ ဆက်လက် ကုသမှု ခံယူနေကြပြီး စိုးရိမ်စရာ မရှိကြောင်းနဲ့ နှစ်ယောက်က ဆေးရုံက ဆင်းသွားပြီလို့ လည်းဆိုပါတယ်။

ဆေးရုံတက်နေသူတွေက သူတို့ကို တိုက်ခိုက်သူ ၁၀ ယောက်လို့ ပြောပေမဲ့ ရဲစခန်းကတော့ ၇ ယောက်လို့ ပြောပြီး လောလောဆယ် ခြောက် ယောက်ကို ဖမ်းမိ ထားကြောင်းနဲ့ လွတ်နေတဲ့ တစ်ယောက်ကို လိုက်လံ ရှာဖွေနေကြောင်း ဒေါက်တာ ဒေါ်ရွှေပုံက ပြန်ပြော ပါတယ်။

တိုက်ခိုက်ကြသူတွေက အသက် ၁၇ နှစ်ကနေ ၂၂ နှစ် အထိ အရွယ်တွေ ဖြစ်ကြပြီး သူတို့နဲ့ သူတို့ တိုက်ခိုက်ခဲ့ သူတွေ အချင်းချင်း သိကျွမ်းမှု မရှိ၊ ရန်ငြိုး ရန်စ လည်း မရှိဘဲ အုပ်စုဖွဲ့ အကြမ်းဖက် တိုက်ခိုက်တဲ့ ပုံစံနဲ့ ဘာကြောင့် တိုက်ခိုက်တယ် ဆိုတဲ့ အကြောင်း ကိုလည်း မသိရ သေးဘူးလို့ ဆိုပါတယ်။

မျက်နှာဖုံးစွပ် သမားတွေက လိပ်ပြာကန် ဘက်မှာ တိုက်ခိုက် ပြီးနောက် ပဲခူး တံတားဘက်ကို ထွက်သွား ခဲ့ကြပြီး ဆိုင်ကယ် စီးလာသူကို တိုက်ခိုက် ပြီးနောက် သူ့ဆိုင်ကယ်ကို မီးရှို့တဲ့ အပြင် နောက် ကားတစ်စီး ကိုလည်း မှန်တွေ ရိုက်ခွဲ ခဲ့တယ်လို့ သိရ ပါတယ်။