ကျောက်ဖြူ ရေနက်ဆိပ်ကမ်းရဲ့ ၈၅% ထိ ပိုင်ခွင့်ရှိဖို့ တရုတ်ကုမ္ပဏီ တောင်းဆို

  • 5 မေ 2017
Image caption ကျောက်ဖြူ ရေနက် ဆိပ်ကမ်း

တရုတ်-မြန်မာ နှစ်နိုင်ငံ အစိုးရကြား ပူးတွဲ စီမံကိန်း တစ်ခု ဖြစ်တဲ့ ရခိုင်ပြည်နယ်၊ ကျောက်ဖြူ ရေနက် ဆိပ်ကမ်း စီမံကိန်းမှာ တရုတ် အစိုးရ အနေနဲ့ ရှယ်ယာ ပိုင်ဆိုင်မှု ၈၅% အထိ ရဖို့ ကြိုးစား နေတယ် ဆိုတဲ့ သတင်းတွေ ထွက်လာပါတယ်။

ဒေါ်လာ သန်း ခုနှစ်ထောင့်သုံးရာတန် ကျောက်ဖြူ ရေနက် ဆိပ်ကမ်း စီမံကိန်းမှာ ရာခိုင်နှုန်း အများစုကို ပိုင်နိုင်ဖို့ တရုတ်အစိုးရပိုင် CITIC ကုမ္ပဏီက ဆောင်ရွက် နေတာကို ဖော်ပြနေတဲ့ စာရွက်စာတမ်းတွေ တွေ့ထားရတယ် ဆိုပြီး ရိုက်တာ သတင်းဌာနက ပြောပါတယ်။

မြန်မာ အစိုးရက ပြီးခဲ့တဲ့ နှစ် ကတည်းက အကြံပြု ထားတဲ့ ညီတူညီမျှ ၅ဝ% ဆီ ပိုင်ဆိုင်ရေး အကြံပြုချက်ကို တရုတ်ကုမ္ပဏီဘက်က လက်မခံပဲ ၇ဝ% ကနေ ၈၅% အထိ ပိုင်ဆိုင်ခွင့် ပေးဖို့ တောင်းဆို လာတာ ဖြစ်ပါတယ်။

ကျောက်ဖြူ ရေနက် ဆိပ်ကမ်းလို တရုတ်နိုင်ငံ အတွက် မဟာဗျူဟာမြောက် အရေးပါတဲ့ စီမံကိန်း လိုမျိုးမှာ အခွင့်အရေးတွေ ရှိလာရင်၊ မြန်မာနိုင်ငံထဲ ဒေသခံတွေနဲ့ ပတ်ဝန်းကျင် ထိန်းသိမ်းရေး သမားတွေရဲ့ ခါးခါးသည်းသည်း ကန့်ကွက်တာ ကြုံနေရတဲ့ ကချင်ပြည်နယ်၊ မြစ်ဆုံ ရေတာတမံ တည်ဆောက်ရေးကို တရုတ်ဘက်က စွန့်လွှတ်မယ် ဆိုတဲ့ အရိပ်အယောင် တွေ တွေ့နေရတယ်လို့လည်း ရိုက်တာသတင်းဌာနက ပြောပါတယ်။

ကျောက်ဖြူ ရေနက် ဆိပ်ကမ်း နဲ့ အတူ စီးပွားရေး အထူးဇုံ တည်ဆောက်မယ့် ပရောဂျက် နှစ်ခုတွဲ စီမံကိန်းကို ဦးဆောင် အကောင်အထည် ဖော်မယ့် ကုမ္ပဏီ အဖြစ် CITIC ဟာ ၂ဝ၁၅ ကတည်းက လုပ်ပိုင်ခွင့် ရထားတာ ဖြစ်ပါတယ်။

တရုတ် အစိုးရရဲ့ မဟာဗျူဟာမြောက် စီးပွားရေး စီမံကိန်းဖြစ်တဲ့ ကမ္ဘာ့ အရှေ့ခြမ်းနဲ့ အနောက်ခြမ်းကို ကုန်းလမ်းရော၊ ရေလမ်းကပါ ကုန်သွယ်ရေး လမ်းကြောင်းကြီး ချိတ်ဆက် ဖော်ဆောင်ပေးဖို့ ရည်ရွယ်တဲ့ ရပ်ဝန်းတစ်ခု လမ်းတစ်ခု One Belt, One Road စီမံကိန်းကြီးထဲမှာ ကျောက်ဖြူ စီမံကိန်း ကလည်း အရေးပါတဲ့ အစိတ်အပိုင်း ဖြစ်နေတယ်လို့ လေ့လာသူတွေက သုံးသပ် ထားပါတယ်။