လူမျိုးကို အခြေခံတဲ့ နိုင်ငံရေး ဆွေးနွေးပွဲ ဖြစ်မှ ၂၁ရာစု ပင်လုံ ကို တက်ဖို့ အာသီသရှိနေ

  • 5 မေ 2017
Image caption ချင်းမိုင်မြို့ အစည်းအဝေး

ရှမ်းပြည်နယ်မှာ လူမျိုးကို အခြေခံတဲ့ အမျိုးသား အဆင့် နိုင်ငံရေး ဆွေးနွေးပွဲ ကျင်းပ နိုင်ဖို့ ရှမ်း နိုင်ငံရေး အင်အားစုတွေ ကြိုးပမ်း နေကြတယ် ဆိုပြီး အဓိက ရှမ်းနိုင်ငံရေး ပါတီ တစ်ခု ဖြစ်တဲ့ ရှမ်းအမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် SNLD က ပြောပါတယ်။

အခုဆိုရင် ရှမ်းပြည် တောင်ပိုင်း တပ်မတော်လို့လည်း အသိများတဲ့ ရှမ်းပြည် ပြန်လည် ထူထောင်ရေး ကောင်စီ RCSS/SSA က ဗိုလ်မှုး စိုင်းလိတ် ဦးဆောင်တဲ့ အဖွဲ့ နေပြည်တော်ကို ရောက်နေပြီး အစိုးရ ငြိမ်းချမ်းရေး ကော်မရှင်နဲ့ကြား ညှိနှိုင်း ဆောင်ရွက် နေတယ်လို့ SNLD ပါတီက အတည်ပြု ပါတယ်။

ရှမ်းပြည်နယ် အစိုးရ အစီအစဉ်နဲ့ ဒေသကို အခြေခံတဲ့ အမျိုးသား အဆင့် နိုင်ငံရေး ဆွေးနွေးပွဲတွေ ဧပြီလတုန်းက ပြုလုပ် ခဲ့ပေမယ့်၊ လာမယ့် မေလ ၂၄ ရက်၊ ၂၁ ရာစု ပင်လုံညီလာခံ ပြန်မစခင် လူမျိုးကို အခြေခံတဲ့ ဆွေးနွေးပွဲ တစ်ရပ် ကျင်းပသင့်တယ် ဆိုပြီး ရှမ်းအင်အားစုတွေ ယူဆ ထားတာ ဖြစ်ပါတယ်။

အဲဒီလို လူမျိုးကို အခြေခံတဲ့ ဆွေးနွေးပွဲ တစ်ရပ် ကျင်းပခွင့် ရမှလည်း ဒုတိယ အကြိမ် ပင်လုံကို သွားရောက်တက်ဖို့ ရှမ်း အင်အားစုတွေ အာသီသ ရှိနေကြတယ် ဆိုပြီး SNLD ပါတီရဲ့ တွဲဘက် အထွေထွေ အတွင်းရေးမှူး ဦးစိုင်းလိတ်က ဘီဘီစီကို ပြောပါတယ်။

ရှမ်းပြည် ညီညွတ်ရေး အတွက် ရည်ရွယ်လို့ ရှမ်းနိုင်ငံရေး ပါတီတွေ၊ လက်နက်ကိုင် အဖွဲ့အစည်း တွေနဲ့ အရပ်ဖက် အဖွဲ့တွေ စုစုပေါင်း ၉ ဖွဲ့ စုစည်းထားတဲ့ ရှမ်းပြည် ညီညွတ်ရေး ပါတီရဲ့ ချင်းမိုင်မြို့ အစည်းအဝေး ကနေ အခုလို လူမျိုးကို အခြေခံတဲ့ ဆွေးနွေးပွဲ တစ်ရပ် ပင်လုံညီလာခံ မတိုင်ခင် ကျင်းပလာနိုင်အောင် ကြိုးစားကြဖို့ ဆုံးဖြတ် ထားတာ ဖြစ်ပါတယ်။