မာခွန်းရဲ့အခိုးခံ အီးမေးလ်တွေ မဖြန့်ဖို့ ရွေးကောက်ပွဲကော်မရှင်ပြော

  • 6 မေ 2017
ဓာတ်ပုံ မူပိုင် Reuters
Image caption အတုနဲ့ အစစ်ရောပြီး နာမည်ပျက်အောင် လုပ်တာလို့ သူ့အဖွဲ့ကပြော

ပြင်သစ်နိုင်ငံမှာ တနင်္ဂနွေနေ့မှာ အပြီးသတ် အရွေးခံမယ့် သမ္မတလောင်း အီမန်နွဲ မာခွန်း ရဲ့ မဲဆွယ်ရေး အဖွဲ့ဆီက ဟက်ကာသမားတွေ ခိုးယူ ရရှိထားတဲ့ အီးမေးလ်နဲ့ စာရွက်စာတမ်းတွေကို ဖြန့်ချီတာတွေ မလုပ်ကြဖို့ ရွေးကောက်ပွဲ ကော်မရှင်က တိုက်တွန်းလိုက်ပါတယ်။

မဲပေးရွေးချယ်မှုကို တိမ်းစောင်းမှု မဖြစ်အောင် နိုင်ငံသားတွေက တာဝန်ယူတဲ့ အနေနဲ့ အခုလို မလုပ်ကြဖို့ ကော်မရှင်က တိုက်တွန်းလိုက်တာပါ။

အခုလို တိုက်တွန်းချက်ကို လျစ်လျူရှုခဲ့ရင်တော့ တရားစွဲခံရနိုင်တယ်လို့လည်း ကော်မရှင်ရဲ့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။

အခုလို ဟက်ကာတွေရဲ့ အချက်အလက် ခိုးယူနှောင့်ယှက်မှုဟာ ပြင်သစ်ဒီမိုကရေစီကို အခြေ မခိုင်အောင် လုပ်တာပဲ ဆိုပြီးတော့လည်း မစ္စတာ မာခွန်ရဲ့ အကြံပေးတွေက ပြောဆိုနေကြပါတယ်။

အခုလို ခိုးယူသူ တရားခံ ဘယ်သူလဲဆိုတာ ရှင်းရှင်းလင်းလင်း မသိရသေးပေမယ့် ရုရှားနဲ့ ဆက်စပ်မှုတွေ ရှိနိုင်တယ်လို့ မစ္စတာ မာခွန်းက ပြောဆိုထားပါတယ်။

မစ္စတာ မာခွန်းရဲ့ အခုလို ဖွင့်ချခံရတဲ့ စာရွက်စာတမ်းတွေဟာ အားလုံး အတုတွေ ဖြစ်တယ်လို့တော့ သူ့ရဲ့ မဲဆွယ် အဖွဲ့တွေက မပြောခဲ့ပဲ အတုနဲ့ အစစ်ရောပြီး နာမည်ပျက်အောင် လုပ်တာလို့ ပြောဆိုထားပါတယ်။

မစ္စတာ မာခွန်းမှာ အခွန်ရှောင်ဖို့အတွက် ရည်ရွယ်ချက်နဲ့ ဖုံးကွယ်ထားတဲ့ ပိုင်ဆိုင်မှုတွေ ရှိနေတယ် ဆိုတဲ့ ဝေဖန်မှုတွေ ထွက်ပေါ်ခဲ့ဖူးပြီး သူဟာ အမေရိကန်က စီအိုင်အေ၊ အက်ဖ်ဘီအိုင်နဲ့ ပူးတွဲ လှုပ်ရှားမှုတွေ ရှိခဲ့တာကိုလည်း ဝီကိလိခ်က ထုတ်ဖော်ခဲ့ဖူးပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ