တပ်မတော်ကို စွပ်စွဲတာ မဟုတ်လို့ ဦးဝင်းထိန် တုံ့ပြန်

  • 6 မေ 2017
ဓာတ်ပုံ မူပိုင် NLD Facebook
Image caption ကျိုင်းတုံနယ်ဘက် NLD ရှုံးနိမ့်မှုမှာ မူမမှန်မှုနဲ့ တခြားပါတီစည်းရုံးရေး အဖွဲ့တွေရဲ့ စည်းကမ်းဖောက်ဖျက်တဲ့ အထောက် အထားတွေ ရရှိထားတဲ့အတွက် တိုင်ကြားမှုတွေ ပြုလုပ်သွားမယ်လို့ သူက ပြော

NLDရဲ့ ပါတီဝင်နဲ့ အစိုးရအဖွဲ့ဝင်တွေနဲ့ ပတ်သက်တဲ့ သတင်းမှားတွေ ဖြန့်ချီသူတွေရဲ့ နောက်ကွယ်မှာ ရှိနိုင်သူတွေထဲမှာ တပ်မတော်ကို ထည့်သွင်းပြောဆိုခဲ့တာဟာ တပ်မတော်ကို စွပ်စွဲတာ မဟုတ်ကြောင်း ပါတီ အလုပ်အမှုဆောင် ကော်မတီဝင် ဦးဝင်းထိန်က ဘီဘီစီကို ပြောပါတယ်။

မေလ ၆ ရက်နေ့က နေပြည်တော်မှာ ကျင်းပပြီးစီးခဲ့တဲ့ NLD ပါတီ ဗဟိုအလုပ်အမှုဆောင် အစည်းအဝေး အပြီး သတင်းသမားတွေနဲ့ မေးမြန်းမှုမှာ ဦးဝင်းထိန်က အခုလို ပြောကြားခဲ့တာ ဖြစ်ပါတယ်။

ဦးဝင်းထိန်က သတင်းမှားဖြန့်ချီသူတွေကိစ္စနဲ့ ပတ်သက်ပြီး သတင်းဌာနတခုနဲ့ သူ့ရဲ့ ထင်မြင်ချက်ကို ပြောဆိုရာမှာ တပ်မတော်ကို ထည့်သွင်း ပြောဆိုတာဟာ တပ်မတော်ရဲ့ ဂုဏ်သိက္ခာကို ထိခိုက်စေတဲ့ အတွက် ပြင်းပြင်းထန်ထန် ကန့်ကွက်တယ်ဆိုပြီး တပ်မတော် သတင်းထုတ်ပြန်ရေးရုံးက ဧပြီလ ၅ ရက်နေ့မှာ ကြေညာချက် တစောင် ထုတ်ထားခဲ့တာ ဖြစ်ပါတယ်။

မေလ ၆ ရက်နေ့မှာ လုပ်တဲ့ ဒီ NLD ပါတီ ဗဟို အလုပ်အမှုဆောင် အစည်းအဝေး မှာ အဓိကအားဖြင့် ကြားဖြတ်ရွေးကောက်ပွဲနဲ ့ပတ်သက်လို့ ပြန်လည် သုံးသပ်ခဲ့ကြပြီး ရှုံးခဲ့တဲ့ မဲဆန္ဒနယ်တွေက ပါတီရဲ့ ချို့ယွင်းချက်တွေကို ဆွေးနွေးခဲ့ကြတယ်လို့ ဦးဝင်းထိန်က ပြောပါတယ်။

ကျိုင်းတုံနယ်ဘက် NLD ရှုံးနိမ့်မှုမှာတော့ မူမမှန်မှုနဲ့ တခြားပါတီစည်းရုံးရေး အဖွဲ့တွေရဲ့ စည်းကမ်းဖောက်ဖျက်တဲ့ အထောက် အထားတွေ ရရှိထားတဲ့အတွက် တိုင်ကြားမှုတွေ ပြုလုပ်သွားမယ်လို့ သူက ပြောပါတယ်။

NLDရဲ့ ပါတီဝင်နဲ့ အစိုးရအဖွဲ့ဝင်တွေနဲ့ ပတ်သက်တဲ့ သတင်းမှားတွေကို ဖြန့်ချီနေတဲ့ အင်တာနက် စာမျက်နှာတွေရဲ့ နောက်ကွယ်က လူတွေကိုတော့ မူခင်းရဲတပ်ဖွဲ့ စီအိုင်ဒီ ကိုယ်တိုင်က အမှုဖွင့်ပြီး စတင် စုံစမ်းနေတယ်လို့ သိရပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ