သန်းခေါင်စာရင်းပြုစုတော့ လူမျိုးနာမည် အသစ်တွေတိုးလာနေ

  • 6 မေ 2017
Image caption ၂၀၁၄ သန်းခေါင်စာရင်း ကောက်ယူစဉ်က

၂၀၁၄ ခုနှစ်အတွင်း ကောက်ယူ ခဲ့တဲ့ သန်းခေါင်စာရင်းပါ အချက်အလက် တွေနဲ့ ပတ်သက်ပြီး အတော် များများ ကိုထုတ်ပြန်ခဲ့ပြီးပေမယ့် လူမျိုးအလိုက် လူဦးရေ ထုတ်ပြန် တာမျိုးကို မလုပ် နိုင်သေးပါဘူး။

နိုင်ငံမှာ သတ်မှတ်ထားတဲ့ လူမျိုး ၁၃၅ မျိုးထက် အခု သန်းခေါင်စာရင်း ကောက်ခံလိုက် လို့ ထွက်လာတဲ့လူမျိုးအရေအတွက် က ပိုများနေ လို့ ထုတ်ပြန်ဖို့ အရေးအတွက် အစိုးရ ဆီ တင်ပြထားရတဲ့အကြောင်း ကောက်ခံခဲ့တဲ့ အလုပ်သမား လူ၀င်မှု ကြည့်ကြပ်ရေးနဲ့ ပြည်သူ့ အင်အား ဦးစီးဌာန က တာဝန်ရှိသူတယောက် က ပြောပါတယ်။

လူဝင်မှုကြည့်ကြပ်ရေးနဲ့ ပြည်သူ့အင်အား ဌာန ဆိုင်ရာပြောခွင့်ရပုဂ္ဂိုလ်လည်းဖြစ်၊ အမြဲတမ်း အတွင်းဝန် ဦးမြင့်ကြိုင်က အခုတကြိမ်မတိုင်မီ နောက်ဆုံးအကြိမ် သန်းခေါင်စာရင်း ကောက်ယူ ခဲ့တာက ၁၉၈၃ ခုနှစ်ကဖြစ်ပြီး အဲဒီတုန်းက ကောက်ယူခဲ့တဲ့ လူမျိုး ၁၃၅ မျိုး ဆိုတာကို အဲဒီတုန်းက အစိုးရ နဲ့ ပညာရှင်တွေ ဆွေးနွေးကာ လူမျိုးအရေအတွက် သတ်မှတ် ခဲ့ကြတယ်။ အခုတခါမှာတော့ အဲဒီ ထက်များနေပြီဖြစ်ကြောင်း ဘီဘီစီ ကိုရှင်းပြပါတယ်။

တိုင်းလျှံလို့ အရင်က သတ်မှတ်ထားပေမယ့် အဲဒီ တိုင်းလျှံလူမျိုးတွေ ထဲက တချို့ကပဲ ရှမ်းနီ လို့ သူတို့ကိုယ်သူတို့ သတ်မှတ်ကာ သန်းခေါင်စာရင်းမှာ ဖြည့်ကြတာတွေ အပြင် ချင်းပြည်နယ် က လူမျိုးတခု ကလည်း သူတို့ကိုယ် သူတို့ ကွတ်ကီး လို့ သတ်မှတ်ခေါ်ဝေါ်ကြကြောင်း သူကပြောပါတယ်။

လူမျိုးအမည်အရေအတွက် ဘယ်လောက်တိုးလာသလဲဆိုတာတော့ သူ က မပြောပြနိုင် သေးဘူး လို့ ဆိုပါတယ်။

အခုလိုလူမျိုးနာမည် အသစ်တွေ ရ လာတဲ့အပေါ် အစိုးရကို တင်ပြထားပြီး အစိုးရ၊ ပညာရှင်၊ သက်ဆိုင်ရာတိုင်းရင်းသားလူမျိုးများ စသဖြင့် တိုင်ပင်ကြပြီးမှသာ လူမျိုးအမည်တွေအတည်ပြု သတ်မှတ်နိုင်မှာ ဖြစ်ကြောင်း သိရပါတယ်။