လွှတ်တော်ပြန်စရင် မြို့နယ် အုပ်ချုပ်ရေး ဥပဒေကြမ်းကို မဲခွဲမယ်

  • 6 မေ 2017
Image caption လွှတ်တော် အစည်းအဝေး မေလ ၁၈ ရက်နေ့ ပြန်စမယ်

မြို့နယ် အုပ်ချုပ်ရေး ဥပဒေ ဆိုပြီး ပေါ်ပေါက်လာဖို့ အတွက် ဥပဒေကြမ်း တစ်စောင်ကို မေလ ၁၈ ရက်နေ့ ပြန်စမယ့် လွှတ်တော် အစည်းအဝေးမှာ ဆုံးဖြတ်ကြဖို့ ရှိနေပါတယ်။

အဲဒီ ဥပဒေကြမ်းထဲမှာ မြို့နယ်နဲ့ ခရိုင်အဆင့် အုပ်ချုပ်ရေးမှုးတွေဟာ သက်ဆိုင်ရာ တိုင်းနဲ့ပြည်နယ် အစိုးရ ဝန်ကြီးချုပ်တွေကို တာဝန်ခံမယ် ဆိုတဲ့ အချက် ပါဝင် ပါတယ်။

ဒါ့ကြောင့် ဒီ ဥပဒေသာ ပြဌာန်း သက်ဝင် လာခဲ့ရင် ဒေသန္တရ အစိုးရ ဝန်ကြီးချုပ်တွေရဲ့ ဩဇာဟာ ပြည်ထဲရေး ဌာနအောက်က ထွေအုပ် အရာရှိတွေ ဖြစ်တဲ့ မြို့နယ်နဲ့ ခရိုင် အုပ်ချုပ်ရေးမှုးတွေ အပေါ် သက်ရောက် လာမယ့် အဓိပ္ပာယ် ဖြစ်ပါတယ်။

ဒါ့အပြင်၊ မြို နယ် အုပ်ချုပ်ရေးအဖွဲ့ အစည်းအဝေးကိုတစ်လတစ်ကြိမ် အနည်းဆုံး လုပ်ရမယ်လို့ ဖော်ပြထားသလို၊ အဲဒီ အစည်းဝေးတွေမှာလည်း လွှတ်တော် ကိုယ်စားလှယ်တွေကို မဖြစ်မနေ ဖိတ်ရမယ် ဆိုပြီး ဥပဒေကြမ်းထဲ ပါရှိ နေတယ်လို့ ဘီဘီစီ သတင်းထောက်က ပြောပါတယ်။

ထွေအုပ် ဝန်ထမ်း မြို့နယ် အုပ်ချုပ်ရေးမှုးက ဥက္ကဌ အဖြစ် ဦးဆောင်မယ့် အဲဒီ မြို့နယ် အုပ်ချုပ်ရေး အဖွဲ့ထဲမှာ မြို့နယ် ရဲ တပ်ဖွဲ့မှုး၊ မြို့နယ် ဥပဒေ အရာရှိ ၊ မြို့နယ် စီမံကိန်း ရေးဆွဲရေး ဦးစီးမှုးနဲ့ မြို့နယ် လဝက ဦးစီးမှုးတို့ အဖွဲ့ဝင် အဖြစ် ပါဝင်မှာ ဖြစ်ပါတယ်။

၂ဝဝ၈ ဖွဲ့စည်းပုံအရ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က တိုက်ရိုက် ခန့်ထားတဲ့ ပြည်ထဲရေး ဝန်ကြီးအောက်က အရာရှိတွေ အပေါ် ဒေသန္တရ အစိုးရ အဖွဲ့ရဲ့ ဩဇာ သက်ရောက် လာစေမယ့် ဥပဒေကြမ်းဟာ နိုင်ငံရေးအရ အပြောင်းအလဲ တစ်ရပ် ဖြစ်တယ်လို့ လေ့လာသူတွေက ဆိုပါတယ်။

လွှတ်တော်ထဲ မဲခွဲ ကြတဲ့အခါ ဒီ ဥပဒေကြမ်းအပေါ် တပ်မတော် ကိုယ်စားလှယ်တွေရဲ့ သဘောထား ဆန္ဒ ဘယ်လို ရှိနိုင်သလဲ ဆိုတာကို စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။