အနောက်ဘက်ကမ်း တန့်ကြည်တောင်အထိ ပုဂံဒေသထဲ ထည့်သွင်း

  • 6 မေ 2017
Image caption ယူနက်စ်ကို စာရင်းဝင်နိုင်ဖို့ ကြိုးစား နေတာ ၃ နှစ်ကျော် လောက် ရှိနေပြီ

ပုဂံ ရှေးမြို့ကို လာမယ့် ၂ နှစ် အတွင်း ကုလသမဂ္ဂ ယဉ်ကျေးမှု အဖွဲ့ ယူနက်စကိုရဲ့ အသိအမှတ်ပြု ကမ္ဘာ့ အမွေအနှစ် စာရင်း ဝင်နိုင်ဖို့ ကြိုးစား နေတာမှာ ထိန်းသိမ်း စောင့်ရှောက်မယ့် ဇုန် နယ်မြေတွေ အဖြစ် နယ်နိမိတ်သစ်တွေ တိုးချဲ့ သတ်မှတ် နေပါတယ်။

ပုဂံ အနောက်ဘက် ဧရာဝတီမြစ်ကြီး အပါအဝင်၊ တန့်ကြည်တောင်ကိုပါ ထိန်းသိမ်း စောင့်ရှောက်မယ့် ဒေသထဲ ထည့်သွင်းလိုက်တယ်လို့ ရှေးဟောင်းသုတေသန ဌာနက အဆင့်မြင့် အရာရှိတစ်ဦးက ဘီဘီစီကို ပြောပါတယ်။

ဟိုတယ်သစ်ကြီးတွေ၊ မီးခိုးထွက်တဲ့ စက်ရုံကြီးတွေ လာဆောက်တာမျိုး မဖြစ်ရလေအောင် အခုလို ထိန်းသိမ်း စောင့်ရှောက် ရမယ့် နယ်နမိတ် တိုးချဲ့ဖို့ လိုအပ်တာ ဖြစ်တယ်ဆိုပြီး ရှေးဟောင်း သုတေသနနဲ့ အမျိုးသားပြတိုက် ဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးသိန်းလွင်က ဆိုပါတယ်။

ဒါ့ကြောင့် ပုဂံ ဒေသကို လက်ရှိ ၄၂ စတုရန်းမိုင် အကျယ်အဝန်း ကနေ အနည်းဆုံး စတုရန်းမိုင် ၆ဝ လောက် အထိ တိုးချဲ့ဖို့ လုပ်ဆောင် နေတာ ဖြစ်ပါတယ်။

ပုဂံကို ယူနက်စ်ကို စာရင်းဝင်နိုင်ဖို့ ကြိုးစား နေတာ ၃ နှစ်ကျော် လောက် ရှိနေပြီလို့ ဘီဘီစီ သတင်းထောက်က ဆိုပါတယ်။

ဒေသတွင်းက ဘုရားပုထိုး ၃ ထောင်ကျော် အပါအဝင် တခြား အသေးစိတ် အချက်အလက်တွေကို ကောက်ယူ နေရတဲ့ အတွက် အခုလောက် အချိန် ယူနေရတာ ဖြစ်တယ်လို့ ဦးသိန်းလွင်က ဆိုပါတယ်။

ဘုရားပုထိုးတွေကို ပြုပြင်တယ် ဆိုပြီး အခုခေတ် လက်ရာတွေနဲ့ အစားထိုး ခဲ့တာမျိုး တွေ အပါအဝင် ၊ ပုဂံ ရှေးဟောင်းမြေကို ထိခိုက် ပျက်စီးစေတဲ့ ခရီးသွားလုပ်ငန်း စီးပွားရေးတွေ ရှိလာခဲ့တာတွေက ယူနက်စ်ကို စာရင်း ဝင်နိုင်ဖို့ ကြန့်ကြာ နေစေတာ ဖြစ်တယ်ဆိုတဲ့ သုံးသပ် ဝေဖန်မှုတွေလည်း ရှိနေပါတယ်။