၂၁ ရာစု ပင်လုံမှာပါမယ့် အချက်တွေ ဆွေးနွေး

  • 7 မေ 2017
ဓာတ်ပုံ မူပိုင် MOI Webportal Myanmar Facebook
Image caption ဒီကမှတဆင့် သဘောတူထားတဲ့ အချက်အလက်တွေကို မေလ ၂၄ ရက်နေ့မှာ ကျင်းပမယ့် ၂၁ ရာစု ဒုတိယအကြိမ် ပင်လုံညီလာခံ အစည်းအဝေးမှာ ထည့်သွင်း ဆွေးနွေးကြမှာ ဖြစ်ပါတယ်။

၂၁ ရာစု ဒုတိယ ပင်လုံညီလာခံမှာ ထည့်သွင်းမယ့် အကြောင်းအရာတွေကို ဆွေးနွေးမယ့် ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲ ကော်မတီ (ယူပီဒီဂျေစီ) အလုပ်အဖွဲ့ရဲ့ (၃)ရက်ကြာ အစည်းအဝေးကို မေလ ၇ ရက်နေ့ကနေ စတင် ကျင်းပနေပါတယ်။

မြန်မာနိုင်ငံတဝန်းမှာ ကျင်းပနေတဲ့ အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲတွေကနေ ရရှိထားတဲ့ စာတမ်းနဲ့ အချက်အလက်တွေကို အခု ကျင်းပနေတဲ့ အစည်းအဝေးမှာ ပြန်လည် စုစည်းပြီး ရွေးချယ်မယ့် မူဝါဒတွေကို ညှိနှိုင်းဆွေးနွေးနေတယ်လို့ ယူပီဒီဂျေစီ အတွင်းရေးမှူး ဦးလှမောင်ရွှေက ဘီဘီစီကို ပြောပါတယ်။

တိုင်းနဲ့ ပြည်နယ်အဆင့်မှာ ကျင်းပခဲ့တဲ့ အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲတွေမှာ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ မြေယာနဲ့ သဘာဝ သယံဇာတ ဆိုင်ရာ ကဏ္ဍတွေကို ဖက်ဒရယ်မူနဲ့အညီ ဘယ်လို ခန့်ခွဲမယ်ဆိုတဲ့ အချက်တွေကို ဆွေးနွေးခဲ့ကြတာ ဖြစ်ပါတယ်။

ဒီဆွေးနွေးပွဲတွေကို ကရင်၊ ပအိုဝ်း၊ ချင်း၊ တနင်္သာရီနဲ့ ပဲခူးဒေသတွေမှာ ပြုလုပ် ပြီးစီးခဲ့ပေမယ့် ရခိုင်နဲ့ ရှမ်းပြည်နယ်ဘက်မှာတော့ လုံခြုံရေး အကြောင်းပြချက်ကြောင့် လုပ်ခွင့်မပြုသေးဘူးလို့ သိရပါတယ်။

အခုလို မဆွေးနွေးရသေးတဲ့ ဒေသတွေ ရှိနေတာနဲ့ ပတ်သက်ပြီး လာမယ့် ဆွေးနွေးပွဲတွေအတွက် အချက်အလက်တွေ မပြည့်စုံသေးဘဲ ကန့်ကွက်မှုတွေလည်း ရှိနိုင်တယ်ဆိုတာ လက်ခံကြောင်းနဲ့ လက်ရှိဝင်ရောက် ဆွေးနွေးနေသူတွေ ကြားမှာလည်း သဘောထားတွေ တထပ်တည်း ဖြစ်ဖို့ မလွယ်ကူသေးကြောင်း ယူပီဒီဂျေစီ အလုပ်အဖွဲ့ဝင် ရခိုင်ပြည်လွတ်မြောက်ရေးပါတီက ဒေါ်စောမြရာဇာလင်းက ဘီဘီစီကို ပြောပါတယ်။

လက်ရှိ အစည်းအဝေးမှာ အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲတွေက ရတဲ့ အချက်တွေကို ဆွေးနွေးပြီးရင် ယူပီဒီဂျေစီ ဥက္ကဋ္ဌအဖြစ် ထမ်းဆောင်နေတဲ့ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ပါဝင်တဲ့ အတွင်းရေးမှူးအဖွဲ့ကို တင်ပြမှာ ဖြစ်ပါတယ်။

ဒီကမှတဆင့် သဘောတူထားတဲ့ အချက်အလက်တွေကို မေလ ၂၄ ရက်နေ့မှာ ကျင်းပမယ့် ဒုတိယအကြိမ် ၂၁ ရာစု ပင်လုံညီလာခံ အစည်းအဝေးမှာ ထည့်သွင်း ဆွေးနွေးကြမှာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ