ဦးကိုနီအမှု စုံစမ်းဖို့ သီးခြားလွတ်လပ်တဲ့ ကော်မရှင် ဖွဲ့မယ်။

  • 7 မေ 2017
Image caption ဦးကိုနီ လုပ်ကြံခံရတဲ့ အမှုဟာ အကွက်ချ အုပ်စုဖွဲ့ စီစဉ်တဲ့ အကြမ်းဖက် လုပ်ရပ်လို့ လွှတ်လပ်သော တရားလွှတ်တော် ရှေ့နေများအသင်းက ပြော

ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်မှာ အနီးကပ် သေနတ်နဲ့ ပစ်ခတ် လုပ်ကြံခံ ခဲ့ရတဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥပဒေ အကြံပေး တရားလွှတ်တော် ရှေ့နေ ဦးကိုနီရဲ့ အမှုနဲ့ ပတ်သက်လို့ သီးခြားလွတ်လပ်တဲ့ စုံစမ်းလေ့လာရေး အဖွဲ့ ဖွဲ့စည်းမယ်လို့ မြန်မာနိုင်ငံ လွတ်လပ်သော ရှေ့နေများအသင်းရဲ့ အထွေထွေ အတွင်းရေးမှူး တရားလွှတ်တော် ရှေ့နေ ဦးသိန်းသန်းဦးက ဘီဘီစီကို ပြောပါတယ်။

ဦးကိုနီ အမှုကို သာမန် လူသတ်မှု အနေနဲ့သာ လက်ရှိ ပြည်ထဲရေး ဝန်ကြီးဌာနနဲ့ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က ကိုင်တွယ် စစ်ဆေးနေတာကြောင့် အခုလို သီးခြား လွတ်လပ်တဲ့ လေ့လာ စုံစမ်းရေး ကော်မရှင်တရပ် ဖွဲ့ဖို့ လုပ်ရတာလို့ ဆိုပါတယ်။

ဒီအမှုမှာ ပါဝင် ပတ်သက်နေသူတွေဟာ တပ်မတော်မှာ ပြန်တမ်းဝင် အရာရှိအဖြစ် အမှုထမ်းဆောင်ခဲ့သူတွေ ပါနေပြီး အမှုမှာ ပါသူ တဦး ဖြစ်တဲ့ ဇေယျာဖြိုးဆိုရင် ကုမ္ပဏီတွေ ပိုင်ထားကြောင်း၊ ဒီအမှုကို တနှစ်ကျော် ကြံစည်ခဲ့ပြီး ငွေသိန်းတထောင် သုံးဖို့ စီစဉ်ခဲ့တယ် ဆိုတဲ့ ထွက်ဆိုချက်တွေအရ ဒါဟာ အကွက်ချ စီစဉ်တဲ့ လူသတ်မှု၊ နိုင်ငံရေး လုပ်ကြံမှုလို့ ယူဆကြောင်း ဦးသိန်းသန်းဦးက ပြောပါတယ်။

ဒါ့ကြောင့် လွတ်လပ်တဲ့ နိုင်ငံတကာ ဥပဒေ ပညာရှင်တွေ ၊ ပြည်တွင်း ပညာရှင်တွေ၊ လွှတ်တော် ကိုယ်စားလှယ်တွေ ပါဝင်တဲ့ အဖွဲ့မျိုးနဲ့ စောင့်ကြည့်လေ့လာဖို့ သီးခြား လွတ်လပ်တဲ့ လေ့လာစုံစမ်းရေး ကော်မရှင် တရပ် ဖွဲ့စည်းဖို့ ဆုံးဖြတ်ခဲ့ကြတာ ဖြစ်တယ်လို့ ဆိုပါတယ်။

မကြာခင်မှာ လွတ်လပ်သော ရှေ့နေများအသင်းနဲ့ အပြည်ပြည်ဆိုင်ရာ တရားရေး ကော်မရှင်တို့ ကြေညာချက်ထုတ်ဖို့ ရှိပြီး ဒီအမှုနဲ့ ပတ်သက်လို့ လိုအပ်ရင် Interpol အပြည်ပြည်ဆိုင်ရာ ရဲတပ်ဖွဲ့ အထိ လှမ်းစုံစမ်းတာမျိုး လုပ်သွားမယ်လို့ သိရပါတယ်။

အခုဖွဲ့စည်းမယ့် သီးခြားလွတ်လပ်သော စုံစမ်းစစ်ဆေးရေး ကော်မရှင်အနေနဲ့ အာဏာပိုင်တွေလောက် လုပ်ပိုင်ခွင့် အခွင့်အာဏာမျိုး ရှိမှာ မဟုတ်ပေမယ့် ဒီအမှုကို ဘယ်လို စစ်ဆေးနေသလဲ၊ ဒီအမှုနဲ့ ပတ်သက်လို့ လုပ်ကိုင် ဆောင်ရွက်မှုတွေက ကျေနပ်စရာ ရှိသလား၊ သက်သေတွေကို စစ်ဆေးထားတာ လုံလောက်မှု ရှိသလား ဆိုတာတွေကို အပြင်ကနေ စုံစမ်းသွားမှာ ဖြစ်ကြောင်း တရားလွှတ်တော် ရှေ့နေ ဦးသိန်းသန်းဦးက ပြောပါတယ်။