ဘူးသီးတောင် မြို့နယ်ထဲ လက်လုပ်မိုင်း ကွဲခဲ့တယ်လို့ အစိုးရ ထုတ်ပြော

  • 8 မေ 2017
Image caption သဲနီဆိုတဲ့ ရွာအနီး ပေါက်ကွဲမှု ဖြစ်ခဲ့

ရခိုင်ပြည်နယ် မြောက်ပိုင်း၊ ဘူးသီးတောင် မြို့နယ်ထဲ ပြီးခဲ့တဲ့ သီတင်းပတ် တုန်းက လက်လုပ်မိုင်း တစ်လုံး ပေါက်ကွဲ ခဲ့မှု ဖြစ်ခဲ့တဲ့ အတွက် လုံခြုံရေး တပ်ဖွဲ့ဝင်တွေ အဲဒီ ဒေသမှာ ဆက်လက် စုံစမ်း နေကြတယ် ဆိုပြီး နိုင်ငံတော် အတိုင်ပင်ခံရုံးက သတင်း ထုတ်ပြန် လာပါတယ်။

မေလ ၄ ရက်နေ့က သဲနီဆိုတဲ့ ရွာအနီး ပေါက်ကွဲမှု ဖြစ်ပေါ် ခဲ့ပြီး လူ နှစ်ယောက် သေဆုံးကာ ၃ ယောက် ဒဏ်ရာ ရသွားတယ်လို့ အခုအခါ ထုတ်ပြော လာတာ ဖြစ်ပါတယ်။

သေဆုံး ဒဏ်ရာရသူတွေ ဘယ်သူ ဘယ်ဝါလဲ ဆိုတာ ရှင်းရှင်းလင်းလင်း မသိရ သေးပါဘူး။

ပြီးခဲ့တဲ့နှစ် အောက်တိုဘာလ နယ်စပ် ရဲကင်းတွေ စီးနင်း ခံခဲ့ရပြီးတဲ့ နောက်ပိုင်း ဖြစ်ပေါ် ခဲ့တဲ့ မတည်ငြိမ်မှုတွေ အတွင်း သေဆုံး ခဲ့တဲ့ အရပ်သားတွေ စာရင်း ဆိုပြီးတော့လည်း အတိုင်ပင်ခံရုံးက ထုတ်ပြန်တာပါ မေလ ၈ ရက်နေ့ထိ သေဆုံး အယောက် ၃ဝ၊ ပျောက်ဆုံး ၂၂ ယောက် ရှိနေတယ်လို့ ဆိုပါတယ်။

အစိုးရနဲ့ ပူးပေါင်း ဆောင်ရွက်တယ်လို့ ရှုမြင် ခံရတဲ့သူတွေကို မွတ်ဆလင် လက်နက်ကိုင်တွေက မွတ်ဆလင် အချင်းချင်း သတ်ဖြတ် နေတယ်လို့ အစိုးရက ပြောနေသလို၊ ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ အစိုးရ တပ်ဖွဲ့တွေ လုပ်ဆောင်ခဲ့တဲ့ နယ်မြေ ရှင်းလင်းရေးတွေ အတွင်း ရိုဟင်ဂျာ မွတ်ဆလင် အရပ်သားတွေပါ ပစ်မှတ်ထား ခံခဲ့ရတယ် ဆိုတဲ့ စွပ်စွဲမှုတွေလည်း ကျယ်ကျယ်ပြန့်ပြန့် ရှိနေပါတယ်။