ဟော်ရိုင်ဇွန် ကျောင်းတွေ ပိတ်ဖို့ ပညာရေးဌာန လုပ်ဆောင်လာ

  • 8 မေ 2017
Image caption ဟော်ရိုင်ဇွန် နာမည် မသုံးတော့ဘူးလို့ ကျောင်းဘက်က တုံ့ပြန်

မြန်မာပြည်တွင်းမှာ ဖွင့်ထားတဲ့ Horizon International School ဆိုတဲ့ နိုင်ငံတကာ ပုဂ္ဂလိက ကျောင်းကို တရားဝင် မှတ်ပုံမတင်ပဲ ဖွင့်ထားမှုနဲ့ ပညာရေး ဝန်ကြီး ဌာနက တရားစွဲ လိုက်ပြီး အပြီး ပိတ်သိမ်းဖို့ လုပ်ဆောင် နေပါတယ်။

တူရကီ နိုင်ငံမှာ အာဏာသိမ်းဖို့ ကြိုးစား ခဲ့မှုရဲ့ နောက်ကွယ်မှာ ပါဝင် ပတ်သက် နေသူတွေနဲ့ အဲဒီ ကျောင်းဟာ ဆက်စပ် နေတယ်ဆိုတဲ့ သတင်းစကား တွေ ထွက်လာ ခဲ့ပြီး ကာကွယ်ရေး နဲ့ ပြည်ထဲရေး အပါအဝင် ဌာနပေါင်းစုံ ပူးပေါင်း ဖွဲ့ထားတဲ့ လုံခြုံရေး တည်ငြိမ်အေးချမ်းရေးနဲ့ တရားဥပဒေစိုးမိုးရေး ကော်မတီက ကျောင်းဝင်းထဲ ဝင်ရောက် ရှာဖွေမှုတွေ ပြုလုပ် ခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီ ကော်မတီ အနေနဲ့ ဘာတွေ တွေ့ ရှိခဲ့ရတယ် ဆိုတာ အတိအကျ မသိပေမယ့် မှတ်ပုံ တင်မထားတဲ့ ဥပဒေနဲ့ အရေးယူဖို့ ပညာရေး ဝန်ကြီး ဌာနကို ညွှန်ကြားမှု ရှိလာ ခဲ့တယ် ဆိုပြီး အခြေခံပညာ ဦစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာစိုးဝင်း က ဘီဘီစီကို ပြောပါတယ်။

ကျောင်းခွဲပေါင်း ၆ ကျောင်း ရှိတဲ့ အဲဒီ Horizon International School ဟာ Mediterranean International Education Services Co Ltd အနေနဲ့ ရင်းနှီး မြှုပ်နှံမှုနှင့် ကုမ္ပဏီများ မှတ်ပုံတင်ရေး ညွှန်ကြားမှု ဦးစီးဌာနမှာ မှတ်ပုံတင် ထားပေမယ့် ပုဂ္ဂလိက ကျောင်း အနေနဲ့ ပညာရေး ဌာနမှာ မှတ်ပုံတင် ထားတာတော့ မရှိဘူး ဆိုပြီး ဘီဘီစီ သတင်းထောက်က ပြောပါတယ်။

အခု အချိန်မှာတော့ မူရင်း ကုမ္ပဏီကနေ ခွဲထွက်ပြီး မြန်မာ နိုင်ငံသားပိုင် Bright Future International (BFI Education Services ကုမ္ပဏီ လီမိတက်) လို့ အမည် ပြောင်းလဲ လိုက်သလို ကျောင်း အနေနဲ့ Horizon ဆိုတဲ့ နာမည်ကိုလည်း လုံးဝ အသုံးပြုတော့မှာ မဟုတ်တော့ဘူး ဆိုပြီး ကျောင်း ရဲ့ဒါရိုက်တာ ဒေါက်တာ အောင်ကျော်ဆန်းက ပြောပါတယ်။

ဒါပေမယ့် ကျောင်းတွေကိုတော့ လာမယ့် ဇွန်လ ကျောင်းဖွင့်ရာသီမှာ ဖွင့်လှစ် သွားမှာ ဖြစ်ပြီး ကျောင်းအုပ်၊ ဆရာ/ဆရာမ အားလုံး အသင့် ဖြစ်နေသလို ကျောင်းသူ ကျောင်းသားတွေ ကိုလည်း လက်ခံ ထားပြီးပြီလို့ ဒေါက်တာ အောင်ကျော်ဆန်းက ဆိုပါတယ်။

ပြည်တွင်းက နိုင်ငံတကာ ပုဂ္ဂလိက ကျောင်းတွေဟာ ပညာရေး ဌာနမှာ မှတ်ပုံမတင်ပဲ ဖွင့်လှစ် နေကြတာ ဖြစ်ပြီး အရင်တုန်း ကတော့ ပညာရေး ဥပဒေနဲ့ စစ်ဆေး တာမျိုး မလုပ်ခဲ့ပဲ အခု Horizon ကျောင်း ကိစ္စမှာတော့ အကြမ်းဖက် ကိစ္စတွေနဲ့ ဆက်စပ် နေတယ်ဆိုတဲ့ ပြောဆို ချက်တွေချက်ကြောင့် အခုလို အခြေအနေမျိုး ရောက်လာတာ ဖြစ်ပါတယ်။

Horizon International School ကို ၂ဝဝဝ ခုနှစ်ကတည်း ကတည်းက ကျောင်းသားပေါင်း ၁၄ဝဝ ကျော် နဲ့ ရန်ကုန်၊ မန္တလေး၊ နေပြည်တော်မှာ ကျောင်းခွဲ တွေ ဖွင့်လှစ်ခဲ့တာ ဖြစ်တယ်လို့ ဘီဘီစီ သတင်းထောက်က ပြောပါတယ်။